ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ နယ်စပ်မြဝတီမြို့တွင် သောင်ရင်းမြစ်ရေမြင့်တက်လာ၍ ရေဘေးသင့်ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် စစ်ကောင်စီတပ်များ တပ်စွဲလမ်းပိတ်ထားသည့်နေရာကို ဖြတ်သန်းခွင့် မပြုသောကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အခက်အခဲကြုံနေရကြာင်း ကယ်ဆယ် ရေးလုပ် ဆောင်သူများက ပြောသည်။
မြဝတီမြို့တွင် သောင်ရင်းမြစ်ရေ စိုးရိမ်ရေအမှတ် အထက် ၈ ပေကျော် မြင့်တက်လာခြင်းကြောင့် ရပ်ကွက် ၅ ခု အပါအဝင် မြေနိမ့်ပိုင်း မြို့ပြင်နေရာများအထိ သောင်ရင်းမြစ်ရေနှင့် တောင်ကျ မိုးရေးများပေါင်းပြီး ရေကြီးရေလွှမ်းမှု ဖြစ်ပေါ်နေခြင်းဖြစ်သည်။
“ရေက တော်တော်လေး မြန်တယ်။ ပစ္စည်းတွေတောင် သယ်ရွှေ့ဖို့ မမီဘူး။ လူတွေနေရာရွှေ့ဖို့ မြို့လည် ဗိုလ်ချုပ်လမ်းမတန်း၊ ရဲစခန်းပတ်လမ်း၊ ရှေ့ဘက် နောက် ဘက်လမ်းတွေ ပိတ်ထားတော့ ဖြတ်သွားလို့ မရဘူး။ ထွေအုပ်ရုံးကုန်းဘက်ကလည်း ဖြတ်သွားလို့ မရဘူး။ အဲဒီလမ်းတွေဖွင့်ပေးမှ ရေဘေးရှောင် ကူတာ၊ ကယ်တာနေရာရွှေ့ပေးတာတွေ လုပ်လို့ရမှာ၊ အခုက စစ်တပ်ပိုင်း / အုပ်ချုပ်ရေးပိုင်းက ဘာမှ ကူညီတာမရှိဘူး။ ”ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူက ပြောသည်။
လက်ရှိ မြဝတီမြို့သောင်ရင်းမြစ် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာ အထက် ၁၃၆ စင်တီ မီတာ (၈ပေ ) ခန့်မြင့်တက်လာသည့်အတွက် ရေဘေးသင့် ဒေသခံများကုန်းမြင့်ပိုင်းဖြစ်သည့် မြဝတီ ဈေးကုန်း၊ ကျောက်လုံးကြီးဘုရားကုန်း၊ ရုံးကုန်း၊ ကြခတ်တာဘုန်းကြီးကျောင်းကုန်း၊ ရေပူဘုန်းကြီးကျောင်း နေရာ များဘက် ရေဘေးရှောင်ရွှေ့ပြောင်းသွားလာရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် မြဝတီမြို့သောင်ရင်းမြစ်ဘေးနေရာများရှိ တရုတ်လောင်းကစားရုံနေရာများ၊ ကရင် နယ်ခြားစာင့်တပ်-BGF ဂိတ်ဝင်းများ၊ ဒီမိုကရစီအကျိုးပြု ကရင့်တပ်မတော်-DKBA စခန်းနေရာများ၊ အမှတ် ၁ ၊ ၂ တံတားနှင့် ကျောင်းများ၊ စိုက်ပျိုးခင်းများ၊ လူနေရပ်ကွက်၊ စက်ရုံအလုပ်ရုံများပါ ရေကြီးရေလွှမ်းနေကြောင်း သောင်ရင်းမြစ်ဘေးနေထိုင်နေများက ပြောသည်။
“အခု ရေတက်တာက မိုးဆက်ရွာရင်တော့ ပိုတက်လာအုံးမယ်ထင်တယ်။ တံတား၁ ရေပေါ်ဈေးတို့ ၊ BGF ဂိတ်တို့ မြှုပ်နေပြီ။ ကာစီနိုရုံတွေလည်း မြှုပ်နေပြီ၊ ကျနော်တို့က အခုအမှတ် (၂)စာသင် ကျောင်း ဘက်မှာ ရေဘေးရှောင်နေတယ်။ အိမ်က မြှုပ်ကုန်ပြီ” ဟု အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် မြစ်ရေ ၊ ချောင်းရေ၊ တောင်ကျရေများမြင့်တက်လာ၍ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကျိုက်ဒုံ၊ လှိုင်းဘွဲနှင့် ဖားအံမြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ရေဘေးကြုံတွေ့ရလျက်ရှိသည်ဟု သိရသည်။



















