ဇူလိုင်လ ၂၀ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (BECA) ယခင်စာသင်နှစ်အတွက် ဖြေဆိုသူများအနက် အောင်မြင်ကြောင်း လက်မှတ်မရသူ ကျောင်းသား ၆၀၀၀ ခန့်အတွက် NUG ပညာရေးဝန်ကြီးဌာနက ပြန်လည်စိစစ်မည် ဆိုထားသော်လည်း ၂ လကြာသည်အထိ အကြောင်းပြန်ကြားမှု မရသေးဟု ကျောင်းသားများထံမှ သိရသည်။
အဆိုပါကျောင်းသား ကျောင်းသူများမှာ NUG ပညာရေးမှ ပြန်လည်စိစစ်ပေးမည်ဆိုသောကြောင့် Complaint form ( ရှင်းလင်းချက်ပုံစံဖောင်)) ပြန်တင်ထားသူများလည်း ဖြစ်သည်။
“သူတို့ပြောတဲ့အတိုင်း ပြန်တင်ထားတာပဲ။ အခုချိန်အထိ ဘာအကြောင်းမှလည်း မကြားသေးဘူး။ ကျမတို့က ဘာဆက်လုပ်ရမှာလဲ’’ဟု လျှောက်လွှာ ပြန်တင်ခဲ့သော ကျောင်းသူတစ်ဦးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ BECA စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ဦးရေ ၇၅,၀၀၀ ခန့်ရှိခဲ့ပြီး ဘာသာစုံဖြေဆိုသူ ၅၆,၀၀၀ ခန့် ရှိခဲ့သည်ဟု ပညာရေးဝန်ကြီးဌာန ထုတ်ပြန်သော စာရင်းများအရ သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နောက်ဆုံး လုပ်ဆောင်ချက်တိုးတက်မှုကို သိနိုင်ရန် NUG ပညာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြာခြင်း မရှိသေးပေ။
ယခုလိုဖြစ်ရခြင်းက နည်းပညာချို့ယွင်းမှုကြောင့်ဟု NUG ဘက်ကတော့ ထုတ်ပြန်ထားသည်။ လျှောက်လွှာများကို စစ်ဆေးအကဲဖြတ်သည့် လုပ်ထုံးလုပ်နည်းနဲ့သာ အကြောင်းပြန်ကြားပေးမှာဖြစ်ပြီး ကိုယ်တိုင်ထောက်ခံချက်နှင့် Complaint form တင်သွင်းသူများကို CDM ကျောင်းသား ဖြစ်ကြောင်း ပြန်လည် စစ်ဆေးရန် အချိန်ယူရမည် ဖြစ်သောကြောင့် အကြောင်းပြန်ရာတွင် ကြာမြင့်နိုင်သည်ဟုလည်း NUG ဘက်မှ ထုတ်ပြန်အသိပေးထားသည်။
NUG ပညာရေးကျောင်းများတွင် စာသင်ပေးနေသော ဆရာ ဆရာမအချို့ကမူ ယခုလို ကြာမြင့်နေမှုနှင့်ပတ်သက်ပြီး နည်းပညာ မည်သည့်အပိုင်းက လိုအပ်နေသည်ကို ထုတ်ဖော်ပြောဆိုစေချင်ကြသည်ဟု အကြံပြုကြသည်။
NUG အသိအမှတ်လက်အောက်ခံကျောင်းတစ်ခုတွင် စာသင်ကြားနေသော ဆရာမတစ်ဦးက “ဒီလို မတရားခံလိုက်ရတဲ့ ကလေးတွေအပေါ် ပြန်ပြီးမှ ပြန်လည်လုပ်ဆောင်ပေးသင့်ပါတယ်’’ဟု ပြောသည်။
ကျောင်းသား ကျောင်းသူများအနေဖြင့်တော့NUG ပညာရေးဝန်ကြီးဌာနက အကြောင်းကြားလာမည့် အချိန်နှင့် ဆက်လက်လုပ်ဆောင်ပေးမှုများကို မျှော်လင့်နေကြခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ပညာရေးကျောင်းများတွင် ဆက်လက် မသင်ယူလိုသော ကျောင်းသားများအနေဖြင့် ကြားကာလပညာရေးဖြစ်သည့် NUG ပညာရေးကို ဆက်လက် လေ့လာသင်ယူနေသူများ ရှိနေသည်။ လက်ရှိတွင် BECA စာမေးပွဲရလဒ်ကြောင့် ကျောင်းသားများအကြား ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။
BECA စားမေးပွဲ ဖြေဆိုခဲ့သူ ကျောင်းသူတစ်ဦးကလည်း “စိတ်မကောင်းဘူးရှင့်။ အကြာကြီးကြိုးစားခဲ့ရတာ။ ဒါပေမယ့် ယုံကြည်မှုတွေ ပျောက်ဆုံးသွားခဲ့တာတော့ အမှန်ပဲ’’ ဟု ပြောသည်။
NUG ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်စာမေးပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဧပြီလအထိနှင့် ဩဂုတ်လမှ အောက်တိုဘာလအထိ ၂ ကြိမ်ခွဲ ကျင်းပခဲ့ကာ စည်းကမ်းချက်နှင့် မညီသော ဖြေဆိုသူများကို အောင်လက်မှတ် (Certificate) များ မထုတ်ပေးခဲ့ခြင်း ဖြစ်သည်။



















