Home သတင်း PDF ထောက်ပံ့သည်ဟုဆိုကာ တစ်ပတ်အတွင်း ကျိုက်ထိုမြို့ခံ (၈) ဦးဖမ်းဆီးခံရ

PDF ထောက်ပံ့သည်ဟုဆိုကာ တစ်ပတ်အတွင်း ကျိုက်ထိုမြို့ခံ (၈) ဦးဖမ်းဆီးခံရ

716
Photo: CJ

ဇွန်လ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များကို ထောက်ပံ့နေသည်ဟုဆိုကာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို မြို့နယ်၊ကျိုက်ထိုမြို့ ၊ ကော့စံနိုင်ရပ်ကွက်နေ အမျိုးသမီး(၁)ဦး အပါအဝင် ဒေသခံ(၈)ဦးအား ယခု ဇွန်လ ဒုတိယ အပတ်အတွင်း စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားကြောင်း မြို့ခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

PDF များကို ထောက်ပံ့ပေးမှုနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲပြောဆိုကာ ပြီးခဲ့သည့် ဇွန်လ(၁၃)ရက်နေ့ နှင့် (၁၄) ရက်နေ့တွင် ကော့စနိုင်ရပ်ကွက်နေ အမျိုးသမီး(၁)ဦး နှင့် နောက်ထပ်ဒေသခံအမျိုးသား (၇) ဦး စုစု ပေါင်း (၈)ဦးတို့အား ၎င်းတို့နေအိမ် နှင့် အလုပ်နေရာသို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ မြို့ခံအမျိုးသား တစ်ဦးက ပြောသည်။

“ဦးမြအောင်နဲ့မစုမြတ်ရတနာအောင်တို့ သားအဖက (၁၃) ရက်နေ့ ညနေ (၆)နာရီလောက်မှာဖမ်းခံရတယ်။ သူတို့ ပြန်လွတ်ချင်ရင် အဲ့ဒီအစ်မယောကျာ်းလာအဖမ်းခံမှ လွှတ်ပေးမယ်လို့ရဲတွေက ပြောသွားတယ်။ ည ၁၂ နာရီ ကျော်လောက်မှာ ကော့စံနိုင်ရပ်ကွက်မှာနေတဲ့ ကိုရှိုင်း ထပ်အဖမ်းခံရတယ်။ နောက်ထပ်(၅)ယောက်ကိုလည်း PDF တွေနဲ့ အဆက်အဆံရှိလို့ဆိုပြီး လာဖမ်းသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဖမ်းဆီးခံရသူ(၈)ဦးစလုံးမှာ ၎င်းတို့မိသားစုဝင်များနှင့်အဆက်အသွယ်ရရှိသော်လည်း လက်ရှိအချိန်ထိ သက်ဆိုင်ရာရဲစခန်းတွင် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ရဲစခန်းနှင့်နီးစပ်သည့်သတင်းအရင်းအမြစ်များက ဆိုသည်။

ထို့အပြင် ဖမ်းဆီးခံရသူ(၈)ဦးအနက် (၅) ဦးမှာ ကော့စံနိုင်လူမှုကူညီရေးအသင်းမှအဖွဲ့ဝင်များဖြစ်ကြောင်း သိရှိရ သဖြင့် ဖြစ်စဥ်အသေးစိတ် နှင့် နောက်ဆက်တွဲအခြေအနေကို သိရှိနိုင်ရန် ကေအိုင်စီမှ အဆိုပါအဖွဲ့သို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် တော်လှန်ရေး နှင့်ပတ်သက်ဆက်နွယ်မှု သံသယဖြင့် လူမှုကူညီ ရေးအဖွဲ့ဝင်များအပါအဝင် ဒေသခံများကို စစ်ကောင်စီက မကြာခဏဖမ်းဆီးမှုရှိနေသလို စစ်တပ်ဝါဒဖြန့် လူမှု ကွန်ရက် နှင့် တယ်လီဂရမ်ချန်နယ်များမှ လှုံ့ဆော်မှုများကြောင့်လည်း အများစု အဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် မေလကုန်ပိုင်းက မွန်ပြည်နယ်၊ လမိုင်းမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည့်အတွက် အဖွဲ့၏ လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့ရ ကြောင်း ဒေသတွင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလပိုင်းမှ ယခု ဇွန်လ(၁၄)ရက်နေ့အထိ အာဏာသိမ်းဖြစ်စဥ်နှင့်စပ်လျဥ်း၍ နိုင်ငံရေး တက် ကြွလှုပ်ရှားသူ နှင့် အရပ်သားပြည်သူ စုစုပေါင်း (၂၆,၀၀၀) ကျော် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ မှတ်တမ်းများအရ သိရသည်။