Home သတင်း သရက်ချောင်းမြို့နယ်ရှိ ကျေးရွာသားများ စစ်ကောင်စီ၏ ဖမ်းဆီးမှုများ ခံနေရပြီး ပြန်မလွတ်မြောက်သေး

သရက်ချောင်းမြို့နယ်ရှိ ကျေးရွာသားများ စစ်ကောင်စီ၏ ဖမ်းဆီးမှုများ ခံနေရပြီး ပြန်မလွတ်မြောက်သေး

817
Photo: CJ

ဇွန်လ(၁၇)ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ အိမ်ရှေ့ပြင် နှင့် တီတွတ်ပြင် ကျေးရွာများ အတွင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာပြီး ဒေသခံ ကျေးရွာသားများကို ဖမ်းဆီးမှုများလုပ် ဆောင်ခဲ့ကာ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်း သရက်ချောင်းမြို့နယ် ဒေသခံများကပြောသည်။

သရက်ချောင်းမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင် (ခမရ-၄၀၃) နှင့် (ခမရ-၄၀၄) မှစစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ပြီးခဲ့သည့် ဇွန်လ(၁၄) ရက်နေ့မှစတင်ပြီး အဆိုပါ ကျေးရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး နောက်ဒေသခံများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များနှင့် ပက်သက်မှုရှိသည်ဟုဆိုကာ ဒေသခံ အမျိုးသား(၅)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အိမ်ရှေ့ပြင်ရွာသား တစ်ဦးကပြောသည်။

၎င်းက “ရွာတွေထဲကို ကားနဲ့ဝင်လာပြီး အသက်လတ်ပိုင်းအမျိုးသားတွေကို ဖမ်းခေါ်သွားတယ်။ အခုထိ ပြန်မလွတ်လာသေးဘူး။ PDF တွေနဲ့အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းသွားတယ်။ မိသားစုတွေကတော့ စိုးရိမ် နေကြတာပေါ့။ ပြီးခဲ့တဲ့ရက်ကမှ ရွာထဲကနေစစ်ကြောင်းက ပြန်ထွက်သွားတာ။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်လာချိန် ဒေသခံများက ကြောက်ရွှံ့ထွက်ပြေး သူများရှိပြီး ဒေသခံကျေးရွာသားများကိုဖမ်းဆီးမှုများပြုလုပ်သည့်အပြင် ထွက်ပြေးသွားသူများ၏ နေအိမ်ရှိ ဆိုင်ကယ်၊ အိမ်အသုံးအဆောင်ပစ္စည်းများ နှင့် တန်ဖိုးရှိပစ္စည်းများကိုပါ ယမန်နေ့ စစ်ကြောင်း ပြန်ထွက်ချိန် ကားများဖြင့် ယူဆောင်သွားကြောင်း အိမ်ရှေ့ပြင် ဒေသခံက ဆက်ပြောသည်။

လက်ရှိတွင်လည်း တီတွတ်ပြင်ရွာ နှင့် အိမ်ရှေ့ပြင် ရွာလမ်းဆုံတွင် ဂိတ်စခန်းချ၍ လမ်းသွားလမ်းလာများကို စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိနေပြီး ယာဉ်မောင်းလိုင်စင် နှင့် ဆိုင်ကယ်လိုင်စင်မပါသည့် လမ်းသွား လမ်း လယာဉ်များကို ငွေ (၅၀,၀၀၀) ကျပ် အထိ တောင်းယူမှုများလုပ်ဆောင်နေကြောင်း သရက်ချောင်းမြို့နယ်ရှိ စစ်ဘေးရှောင်ကူညီထောက်ပံ့နေသူမြေပြင် တာဝန်ခံ ကိုအေကေက ဆိုသည်။

“စစ်တပ်တွေက ဒီလိုတွေလုပ်နေကြတာတွေရှိတယ်။ နေရာတိုင်းမှာဘဲ။ ဒီအချိန်မှာ စစ်တပ်တွေက ဖြတ်လေး ဖြတ်ပုံစံမျိုးတွေလုပ်ဆောင်နေတာဖြစ်တယ်။ အခုချိန်က နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အချိန်။ ဒီလိုအချိန်တွေ ဒီလိုစစ်တပ်ကပိတ်ဆို့တဲ့ နေရာတွေများလာရင် စစ်ဘေးရှောင်တွေအတွက် ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့လာနိုင် တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် သရက်ချောင်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံ (၆,၀၀၀) ကျော် စစ်ဘေးရှောင်နေကြရဆဲဖြစ်ပြီး မိုးရာသီကာလအတွင်း ၎င်းတို့၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးအခြေ အနေအတွက် လူသားချင်စာနာထောက်ထားမှု အကူအညီများ လိုအပ်မှုများရှိနေကြောင်းလည်း စစ်ရှောင် ကူညီ သူများ ဆက်ပြောသည်။

အလားတူ ရေဖြူမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့မှစ၍ ရားဖူရွာသစ်အနီး အမှတ် (၈) ပြည်ထောင် စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ရရှိရေးအတွက် စစ်ကောင်စီက စစ်ကြောင်းထိုးနေခြင်းကြောင့် နှစ်ဖက် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း နယ်မြေခံ တော်လှန်ရေး အင်အားစုများထံမှ သိရသည်။