Home သတင်း စစ်ကြောင်းထိုးနိုင်ရန် စစ်ကောင်စီတပ် လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေ

စစ်ကြောင်းထိုးနိုင်ရန် စစ်ကောင်စီတပ် လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေ

1187
Photo: Social Media

ဇွန်လ ၈ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးအခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၅၄၅) ခလရ-၅၄၆)တပ်ရင်းများ နှင့် ကော့ကရိတ်အခြေစိုက် (ခလရ-၉၇)အပြင် လှိုင်ဝအမြောက်တပ်ရင်းမှ မြေပြင် တပ်ဖွဲ့ ဝင်များ စစ်ကြောင်းထိုးရန် ကော့ကရိတ်မြို့ အနီးကျေးရွာများထဲသို့ နေ့စဉ်လက်နက်ကြီးပစ်ခတ်နေ ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ အခုဒီမနက်လည်း ပစ်ထုတ်နေတယ်။ မြို့ထဲ ၉၇ တပ်က မြို့ပြင် ကောင်းမှုရွာဘက် အာရှလမ်းဘက်တွေကို။ တိုက်ပွဲက မြို့နားမှာမဖြစ်ဘူး။ မြို့ပြင်ကို သူတို့ စစ်ကြောင်း ထွက်ချင်တော့ လက်နက်ကြီး ကြိုပစ်ထုတ်ပေးတဲ့ သဘောလုပ်နေတယ်။” ဟု ပြောသည်။

လက်ရှိတွင် ဒေသခံများအနေဖြင့် တောင်ယာရှင်းလင်းချိန် နှင့် စပါးပျိုးထောင်စိုက်ပျိုးချိန်ဖြစ်၍ ယခုလို ကျေးရွာအနီးဝန်းကျင်များကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံများ အနေဖြင့် စိုက်ပျိုးမြေယာလုပ်ငန်းခွင်များဘက် သွားလာလုပ်ကိုင်မရဖြစ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နေရာယူရန် လုပ်ဆောင်နေသည့် အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေပြီး ကျေးရွာများဘက်နှင့် အာရှလမ်းမသစ်၊ ဒေါနတောင် လမ်းဟောင်း နေရာဘက်များတွင် ပြောက်ကျားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်း အရင်းအမြစ်များက ပြောသည်။

“တိုက်ပွဲကတော့ နေတိုင်းဖြစ်နေတာပဲ။ မိုးရွာလည်းဖြစ်၊ မရွာလည်းဖြစ်။ သူတစ်ပြန်၊ ကိုယ်တစ်ပြန်ပဲ ပစ်တယ်။ စစ်တပ်က ဒရုန်းကလည်း လာချတာပဲ။ ကိုယ့်ဘက်က ဒရုန်းလည်း ပြန်ချတာမျိုးလည်းရှိတယ်။ ကျုံဒိုးဘက်က နေ စစ်တပ်စစ်ကူကတော့ နေရာစုံကနေ ဖြန့်တက်ဖို့ သတင်းတွေကရှိနေတော့ ဖြတ်တိုက်တာကတော့ နေ့တိုင်း နေရာတိုင်းမှာရှိနေတယ်။ တစ်နေရာမဟုတ်တစ်နေရာ တိုးတာပဲလေ”ဟု ကော့ကရိတ် ဒေသအတွင်း စစ်ရေး လှုပ်ရှားနေသည့် အခြားတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

လတ်တလော စစ်ကောင်စီတပ်က ကော့ကရိတ်နယ်မြေအတွင်း စစ်ရေးစိုးမိုးနိုင်ရန် တပ်ဖြန့်စစ်ကြောင်း ထိုးပြီး မြဝတီမြို့ဘက်က ထိုင်းကုန်စည်များသယ်ဆောင်သည့် ကုန်ကားလမ်းကြောင်းနှင့် ခရီးသွားယာဉ်များကို ဖြတ်သွားသည့် စစ်ကြောင်းအထိုင်ချ စစ်ဆေးရေးဂိတ်ဖွင့် ငွေတောင်းခံမှုများ၊ ဖမ်းဆီးမှုများ လုပ်ဆောင် မှုရှိကြောင်း ဒေသခံရွာသားများက ပြောသည်။