ဇွန်လ၉ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊မြဝတီမြို့တောင်ပိုင်း သောင်ရင်းမြစ်ကမ်းဘေးရှိ ပလောတပို့ ယာယီစစ်ဘေးရှောင်စခန်းတွင် ယခုရက်ပိုင်းအတွင်း မိုးများပြီး သောင်ရင်းမြစ်ရေလျှံတက်လာ၍ စခန်းအတွင်း ရေများ စတင်ဝင်ရောက် နစ်မြုပ်နေကြောင်း စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူများကပြောသည်။
ယခု ဇွန်လပထမပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေဝင်ရောက်မှုများ၍ သောင်ရင်း မြစ်အတွင်း ရေများမြှင့်တက်လာကာ ယမန်နေ့ကစ၍ စခန်းအတွင်းသို့ ရေများ စတင်ဝင်ရောက်လာပြီး နေအိမ် အချို့ရေနစ်မြုပ်နေပြီးဖြစ်ကြောင်း စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူ ကိုကျော်ဦးက ယခုလိုပြောသည်။
“ဒီတစ်ရက် နှစ်ရက်အတွင်းမှာ ရေတက်တာ အရမ်းများလာတယ်။ တောင်ကျရေတွေကြောင့် ရေတွေက တက် လာတယ်။ မနေ့ညနေကစပြီး တက်လာတယ်။ ရေက များများလာတယ်။ ဒီနေ့ကတော့ ပိုများတယ်။ မိုးရွာ တာက နှစ်ရက်သုံးရက်လောက်ရှိပြီး။ မိုးကြီးတယ်။ ရေကြီးသွားတဲ့အိမ်တွေကလည်း စစ်ဘေးရှောင်စခန်း တွေမှာလာနေကြတယ်။ ဒီနေ့လည်း မိုးဆက်ကြီးနေတုန်းဘဲ။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် မြစ်ကမ်းနားရှိ ယာယီစစ်ရှောင်နေအိမ် ၁၀ လုံးခန့် ပျက်စီးသွားပြီး အများ သုံး ဘုံစားဖိုဆောင်တစ်ခုပါ ပျက်စီးသွားသောကြောင့် အမြင့်ပိုင်းနေရာဘက်ကို ယာယီပြောင်းရွှေ့၍ စုဖွဲ့ စားသောက် နေထိုင်နေကြရကြောင်းလည်း ကိုကျော်ဦးက ဆက်ပြောသည်။
အဆိုပါ စစ်ရှောင်စခန်းတွင် ယခင်စစ်ရှောင်လူဦးရေ (၂,၀၀၀) ကျော်ရှိရာမှ တိုက်ပွဲကြောင့် စခန်းတွင်း အသစ် ထပ်မံဝင်ရောက်လာသူ (၆၀၀) နီးပါးခန့်ရှိသောကြောင့် လက်ရှိတွင် စစ်ရှောင်ဦးရေ(၃,၀၀၀)ကျော် ရှိနေပြီး ဖြစ်ကာ အဆောက်အဦး နေရာထိုင်ခင် မလုံလောက်သည့် အခက်အခဲများ ကြုံတွေ့လာရကြောင်းလည်း စစ်ဘေးရှောင်များက ဆိုသည်။
အလားတူ ပြီးခဲ့သည့် နှစ်တွင်လည်း သောင်ရင်းမြစ်ရေကြီးရေလျှံလာမှုကြောင့် ဝေါလေဒေသရှိ မြေနိမ့်ပိုင်း နေရာများ ရေနစ်မြုပ်သောကြောင့် ကုန်းမြင့်ပိုင်းသို့ ယာယီရွှေ့ပြောင်း နေထိုင်နေကြရသလို သောင်ရင်း မြစ်ကမ်းနံဘေးရှိ စစ်ဘေးရှောင်ယာယီနေအိမ်များလည်း ရေနစ်မြုပ်မှုများ ကြုံတွေ့ခဲ့ရမှုရှိခဲ့သည်။



















