ဇွန်လ ၈ ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးအမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေအတွင်းသို့ စစ်ကောင်စီ၏ ဗိုလ်ကြီးအဆင့်ရှိသူ တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်သည့်လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာသောကြောင့် ကေအဲန်ယူဘက်က ငွေကျပ်သိန်း(၇၀)ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ဒူးပလာယာခရိုင် မှ ယမန်နေ့ ညက သတင်းထုတ်ပြန်ထားသည်။
မော့ကနင် အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၁၀၆)မှ အသက် (၃၅) နှစ်အရွယ် ပြန်တမ်းဝင်အမှတ် ကြည်း(၅၅၆၀၉) တပ်ထောက်ဗိုလ်ကြီး ကျော်မြင့် လွင် မှ တပ်မဟာ (၆)ထံသို့ လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ၏ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။
ဗိုလ်ကြီး ကျော်မြင့်လွင်နှင့်အတူ MA-3 (၁)လက်၊ ၎င်းကျည်ဘောက်(၃)ဘောက်၊၎င်းကျည်(၁၃၀)တောင့်၊ MA-5 (၁)လက်၊ ၎င်းကျည်ဘောက် (၁)ဘောက်၊၎င်းကျည် (၁၁) တောင့် နှင့် အီနာဂါ ဗုံးသီး (၄)လုံး စသည့် လက်နက် ခဲယမ်းများဖြင့် လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
ထို့အပြင် တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်း နေရာအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး အာဏာသိမ်း အကြမ်း ဖက် စစ်ကောင်စီတပ်စခန်းများကိုလည်း (KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက် သိမ်းပိုက်လျက်ရှိနေပြီး နှစ်ဖက်တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် မည့်သည့်စစ်သားမဆို မတရားဖိနှိပ်အုပ်ချုပ် နေသည့် မိမိတို့၏တပ်အား စွန့်ခွာကာ ကေအဲန်ယူ နှင့် နွေးထွေးသော ပြည်သူလူထုများ၏ ရင်ခွင်သို့ လာရောက် ပူးပေါင်းပေးပါရန်လည်း ကေအဲန်ယူ က ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
စစ်ကောင်စီတပ်ထဲတွင် လူအင်အား လက်နက်အင်အားများ လျှော့နည်းလာသည့်အပြင် စိတ်ဓာတ်ရေးရာအရ ပါ ကျဆင်းလာသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ထံသို့ လက်နက်နှင့်တကွ လာရောက်ပူးပေါင်းမှုအများအပြားရှိကြောင်းလည်း ကေအဲန်ယူက ဆိုသည်။



















