Home သတင်း စစ်ကောင်စီ စစ်ကြောင်းထိုး၍ ရေဖြူမြို့နယ်ရှိ အိမ်ထောင်စု(၂၀၀)နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီ စစ်ကြောင်းထိုး၍ ရေဖြူမြို့နယ်ရှိ အိမ်ထောင်စု(၂၀၀)နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

566
Photo: CJ (ပုံဟောင်း)

ဇွန်လ၈ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာတွင် ယခုဇွန်လ(၂)ရက်နေ့က အင်အား (၅၀)ခန့် ပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံ အိမ်ထောင်စု (၂၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဖြူမြို့နယ်မှ ဒေသခံများ က ပြောသည်။

ရေဖြူမြို့နယ်ရှိ စိန်ဘုံရွာအနီး မရမ်းချောင်းရွာ၊ သာယာမွန်ရွာ နှင့် ကင်ပွန်းချောင်းစသည့် ရွာများအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာ၍ ဒေသခံများအနေဖြင့် ဇွန်လ ၄ရက်နေ့က ထွက်ပြေး တိမ်းရှောင်နေရကြောင်း စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးမှ ပြောသည်။

“ဒီလပထမအပတ်ထဲမှာ စပြီး စစ်ကြောင်းထိုးတာရွာထဲကို အဲ့တော့ အနားကရွာတွေကလည်း ထွက်ပြေး ရတယ်။ နီးတဲ့နေရာတွေ တောတွေကို ထွက်ပြေးရတယ်။ ဒီဘက်မှာက မကြာခဏ စစ်ကြောင်း ထိုးတာ တွေရှိ နေတယ်။ မိုးတွင်းမှာဆိုတော့ ဒုက္ခပိုရောက်တာပေါ့။ အေးအေးချမ်းချမ်း မနေရဘူးအခုချိန်ထိ။” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာအတွင်း တပ်စွဲခြင်းအပြင် စစ်ကြောင်းထိုး ဝင်ရောက်လာရာ လမ်းတစ်လျှောက်တွင် ကင်းပုန်းချနေရာ ယူထားခြင်းများကို လုပ်ဆောင် နေပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း တိုက်ပွဲ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ယခုလို ထွက်ပြေးတိမ်းရှောင်ရကြောင်းလည်း ဒေသခံများက ပြောသည်။

ထို့အပြင် ဝင်ရောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မည်သည့် တပ်ရင်းတပ်ဖွဲ့ ဖြစ် ကြောင်း အတိအကျမသိရှိရသော်လည်း အဆိုပါ ဒေသတွင် ရေဖြူအခြေစိုက် ခြေမြန်တပ်ရင်း(ခမရ-၄၀၇) တပ်ဖွဲ့ဝင်များ အဓိကလှုပ်ရှားနေကြောင်း နယ်မြေခံ တော်လှန်ရေး အင်အားစုများထံမှသိရသည်။

စစ်ကောင်စီအနေဖြင့် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ရာတွင်လည်း လက်နက်ကြီး လက်နက် ငယ်များကို ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်လေ့ရှိပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပါ လုပ်ဆောင်လေ့ ရှိသောကြောင့် ဒေသခံများအနေဖြင့် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း လည်း ရေဖြူဒေသခံများ ကပြောဆိုသည်။

ဒါ့အပြင် ဒေသခံများအနေဖြင့် ယခုလို မိုးတွင်းကာလ နီးစပ်ရာ တောတောင်များအတွင်းသို့ ထွက်ပြေး တိမ်း ရှောင်ရသောကြောင့် ၎င်းစစ်ရှောင်များအတွက် အမိုးအကာ နှင့် တာလပတ်များ လတ်တလောတွင် အရေးပေါ် လိုအပ်နေကြောင်းလည်း စစ်ဘေးရှောင် အနီးကပ်ကူညီနေသည့် မြေပြင်တာဝန်ခံ များက ပြောသည်။

စစ်ရှောင်ကူညီသူတစ်ဦးက “အခုဆိုရင် မိုးတွင်းဆိုတော့ ပိုဆိုးတယ် သူတို့အတွက်က ။မိုးတွင်းမှာ ရုတ်တရက် ပြေးလာရတာဆိုတော့ တာလပတ်တွေကအဓိက ဖြစ်သွားတယ်။ ပြီးတော့ စိုစိုစွတ်စွတ်နဲ့ ခြင်ကကိုက်တော့ သွေးလွန်တုပ်ကွေးဖြစ်မှာ စိုးရတယ်။ လှူတဲ့သူတွေကလည်း အဲ့လောက်မရှိတော့ ဆေးဝါးတွေလိုအပ်နေတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ရေဖြူမြို့အနီးရှိ ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၄၀၈)၊ ခမရ(၄၀၉) နှင့် ခမရ(၄၁၀) တပ်ရင်းများကို တော်လှန်ရေးအင်အားစုများမှ ယခင်လများက ဝင်ရောက်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သေးသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း တပ်စွဲ နေထိုင်နေသေးသောကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံများ နေအိမ်မပြန်နိုင်ကြသေးဘဲ နီးစပ်ရာ တောတောင်ဒေသများတွင် ဖြစ်သလို နေထိုင် စားသောက်နေရပြီး အကူအညီများလည်း လိုအပ်နေကြောင်း နီးစပ်သည့် ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဧပြီလတွင် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်ဦးရေ(၅၉,၁၈၁) ဦးထိရှိနေပြီး လက်ရှိတွင် အရေအတွက် ပိုမိုများပြားလာနိုင်ကြောင်း သုတေသန အဖွဲ့တစ်ခုဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာတင်ပြချက်အရ သိရသည်။