Home သတင်း ထားဝယ်မြို့တွင် ရေပြတ်လပ်သဖြင့် ရေသယ်ကားများကိုသာ အဓိကအားထား ဝယ်ယူသုံးဆွဲနေရ

ထားဝယ်မြို့တွင် ရေပြတ်လပ်သဖြင့် ရေသယ်ကားများကိုသာ အဓိကအားထား ဝယ်ယူသုံးဆွဲနေရ

1073
Photo: Social Media

မေလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် သောက်သုံးရေများ ပြတ် လပ်လာ သော‌ကြောင့် ဒေသခံများအနေဖြင့် ရေသယ်ယူရောင်းချသည့် ကားများမှ ရေများကိုသာ အဓိက အားထား ဝယ်ယူ သုံးစွဲနေကြရကြောင်း ထားဝယ်မြို့နေ ဒေသခံများက ပြောသည်။

ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အများစုတွင် ပြီးခဲ့သည့် ဧပြီလမှ စတင်ပြီး လျှပ်စစ်မီး ပြတ်တောက်မှုများ ပိုမိုဖြစ် ပေါ်လာပြီး စည်ပင်နှင့် ပုဂ္ဂလိမှတစ်ဆင့် ရေပေးဝေသည့် ရေပိုက်လိုင်းများလည်း ပြတ်တောက်သွားသောကြောင့် ရေကားများကို ဈေးကြီးပေး၍ ဝယ်ယူသုံးဆွဲနေရကြောင်း ထားဝယ်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ပြီးခဲ့လလောက်ကတည်းက လျှပ်စစ်မီးက ပုံမှန်မလာတော့ ရေပိုက်က လာတစ်ချက် မလာတစ် ချက် ဆိုတော့ ရေမလောက်တော့ဘူး။ နောက်ပိုင်း မီးအားမနိုင်တော့ ရေကပြတ်လာတဲ့အထိ ဖြစ်လာတယ်။ ရေကားက အရင်ကဆို တစ်ထောင်ကျော်ပဲ ပေးရတယ်။ အခုက တစ်စည်ကိုငါးထောင်အထိ ပေးနေရတယ်။ တစ်စည်ဆို တစ်ရက်နှစ်ရက် လောက်ပဲခံတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထားဝယ်မြို့ပေါ်ရှိ ကြက်စားပြင်ရပ်ကွက်၊ ဘုမ္မော်ရပ်ကွက်၊ ဥဿရံရပ်ကွက်၊ မြောင်းပုလဲရပ်ကွက်၊ တလိုင်း မရပ်ကွက်နှင့် မြို့ပေါ်ရှိရပ်ကွက်အများစုတွင် ရေတွင်းရေသန့်ရှင်းမှုများ မရှိသည့်အပြင် အဝီစိတွင်းရေ အများစုမှာ လည်း နွေရာသီကာလအတွင်း ခမ်းခြောက်လာသောကြောင့် ဒေသခံများအနေဖြင့် ရေအခက် အခဲကြုံတွေ့နေရကြောင်း ထားဝယ်မြို့နေ ဒေသခံအများစုက ပြောဆိုကြသည်။

အထက်ပါဖြစ်စဉ်နှင့်အလားတူ ထားဝယ်ခရိုင်အတွင်း စစ်ဘေးရှောင်အများစု နေထိုင်ရာနေရာများတွင်လည်း ချောင်းရေအများစုမှာ ခမ်းခြောက်လာသောကြောင့် သောက်သုံးရေပြတ်လပ်သည့် အနေအထားမျိုးနှင့် ကြုံတွေ့ လာရကြောင်း ထားဝယ်ခရိုင်အတွင်းရှိ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့မှတာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။