Home သတင်း တနင်္သာရီတွင် နှစ်ပတ်ကျော်တိုက်ပွဲအတွင်း စစ်ကောင်စီ (၂၀)ကျော်သေဆုံးခဲ့

တနင်္သာရီတွင် နှစ်ပတ်ကျော်တိုက်ပွဲအတွင်း စစ်ကောင်စီ (၂၀)ကျော်သေဆုံးခဲ့

733
Photo: မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)

မေလ ၉ ရက် ၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သိန္ဒေါကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှင့် စစ်တပ်အကြား ဖြစ်ပွားခဲ့သည့် နှစ်ပတ်ကျော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၂၀) ကျော်သေ ဆုံးခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)က ယနေ့ မေလ(၉)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ(၂၃)ရက်နေ့မှစတင်ကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်းနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် များဘက်မှ တိုက်ပွဲအတွင်း အထိအခိုက်အကျအဆုံးများခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁)က ဆိုထားသည်။

အလားတူ တိုက်ပွဲအတွင်း အထိအခိုက်အကျအဆုံးများသည့် စစ်ကောင်စီအနေဖြင့် လက်နက်ကြီး ပစ်ခတ်မှုများအပြင် လေကြောင်းတိုက်ခိုက်မှုများအသုံးပြု၍ ပြန်လည်တုန့်ပြန်တိုက်ခိုက်ခဲ့သောကြောင့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁)ဖက်မှ ရဲဘော် ၄ ဦးကျဆုံးခဲ့ပြီး ၇ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီဘက်မှ Mi 2 ရဟတ်ယာဉ်များအပြင် ဂျက်တိုက် လေယာဉ်များကိုပါ အသုံးပြုခဲ့ပြီး လေကြောင်းမှ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလော တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်များကြား နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်း(Drone)များဖြင့်ပါ ပစ်ခတ်လျက်ရှိကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)က ပြောဆိုသည်။