Home သတင်း တိုက်ပွဲကြောင့် ယာယီပိတ်ထားသည့် မြဝတီ အမှတ်(၁) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်

တိုက်ပွဲကြောင့် ယာယီပိတ်ထားသည့် မြဝတီ အမှတ်(၁) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်

603

ဧပြီလ ၂၇ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း−မြန်မာနယ်စပ် အမှတ်(၁)ချစ်ကြည်ရေးတံတားကို နှစ်ဖက် တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ ယာယီပိတ်ထားခဲ့ရာမှ ယနေ့ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တံတားကို ပြန်လည် ဖွင့်လှစ် ပေးပြီး ပုံမှန်ဖြတ်သန်း သွာလာနေကြပြီးဖြစ်ကြောင်း တံတားအနီး နေထိုင်သူတစ်ဦးက ပြောသည်။

မြဝတီမြို့ပေါ်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့်ရက်မှစ၍ မြန်မာဘက်ခြမ်းရှိ စစ်ကောင်စီဘက်က တံတားကို ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိ တံတားပေါ်တွင် မြဝတီမှ မဲဆောက်သို့ ပုံမှန် သွားလာမှုများ ပြုလုပ်နေ ကြပြီးဖြစ်ကြောင်း တံတားကို ဖြတ်သန်းသွားလာနေသူ တစ်ဦးက ယခုလိုပြောသည်။

“အရင်ရက်ကတော့ ဖွင့်မယ်ဖွင့်မယ်နဲ့ ဒီနက် ၁၀ နာရီမှပဲဖွင့်တယ်။ မနက်ကတော့သတင်းကြားတယ် အထက်လူကြီးတွေအမိန့်ကျတာနဲ့ဖွင့်မယ်။ အခုလိုပြန်ဖွင့်တော့ သွားလာရတာလည်းလွယ်သွားတာပေါ့။ ဆေးခန်းတွေ စျေးဝယ်တာတွေ အကုန်ပြန်အဆင်ပြေသွားတယ်။ အစက (၇) ရက်လက်မှတ်နဲ့ဆိုတော့ ရက်လွန် ကြေး ဒဏ်ငွေဘယ်လောက်တောင်ပေးရမလဲဆိုပြီး စိတ်ပူနေတာ။” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခုလို တံတားကိုပြန်လည်ဖွင့်လှစ်ပေးထားသော်လည်း မြန်မာဘက်ခြမ်းတွင် ယခင်ကထက် ပို၍ လုံခြုံရေး တိုးမြှင့်ထားပြီး တံတားကူးလက်မှတ်အသစ်ပြုလုပ်သူများကိုလည်း ပိုမို စစ်ဆေးမှုတင်းကြပ်ထားသည်ဟု တံတားဖြတ်သန်းသွားလာသူများကဆိုသည်။

နယ်စပ်ဝင်ထွက်ဂိတ်များကိုဖြတ်ကျော်ရာတွင် (၇) ရက်တံတားကူးလက်မှတ် လုပ်ဆောင်သူများအနေဖြင့် နိုင်ငံ သား စိစစ်ရေးကပ်ပြားမူရင်းနှင့်အတူ Unique Identity Number (UID) စာရွက်ကိုပါ တစ်ခါတည်း ယူဆောင် ရမည်ဖြစ်ပြီး မေလ ၁ ရက်နေ့မှစ၍ UID စာရွက်ပါမှသာယာယီဖြတ်သန်းခွင့်လက်မှတ်များကိုထုတ်ပေးပြီး နယ်စပ် ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက အသိပေးစာထုတ် ပြန်ထားသည်။

အလားတူ ထိုင်း−မြန်မာ ကုန်သွယ်ရေး အမှတ်(၂) တံတားကိုလည်း နှစ်ဖက် တိုက်ပွဲများကြောင့် ပျက်စီးသွား သည့် စက်ပစ္စည်းများ၊ အဆောက်အအုံများနှင့် ဘဏ်ချိတ်ဆက်မှုလုပ်ငန်းများ ပြင်ဆင်ပြီးမှသာ ကုန်သွယ်ရေး တံတားကို ပြန်လည်ဖွင့်လှစ် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်းလည်း မြဝတီနယ်စပ် ကုန်သွယ်ရေးလုပ်ငန်း ရှင်များက ကေအိုင်စီသို့ ပြောဆိုထားသည်။

ယခုလ ၂၁ ရက်နေ့မှ စ၍ မြဝတီမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ် မတော် KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည့် မြို့ကို ဆုတ်ခွာသွားခဲ့ပြီးနောက် လက်ရှိတွင် နယ်ခြား စောင့်တပ် (BGF) မှ မြို့၏လုံခြုံရေးကို ရယူထားကြောင်း မြေပြင် သတင်းအရင်းအမြစ်များကဆိုသည်။