Home သတင်း ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို စစ်ကောင်စီ သယ်ယူခွင့်ပိတ်ပင်

ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို စစ်ကောင်စီ သယ်ယူခွင့်ပိတ်ပင်

764
Photo: CJ

ဧပြီလ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိကျေးရွာများတွင် စစ်ကောင်စီမှဆန်နှင့်စား သောက်ကုန် သယ်ယူခြင်းကို လုံးဝခွင့်မပြုတော့ကြောင်း ကျေးရွာရှိ ဒေသခံများက ပြောသည်။

စစ်အုပ်ချုပ်ရေးအမိန့်(Martial Law)ထုတ်ပြန်ထားသည့် ထားဝယ်မြို့နယ်တွင် ယခုဧပြီလ ပထမ အပတ်မှ စတင်ပြီး ဆန်အပါအဝင်၊ အခြေခံစားသောက်ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ကို လုံးဝခွင့်မပြု တော့ကြောင်း မေတ္တာမြို့နေ ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“အခုက ဘာပစ္စည်းမှကို ပေးမသယ်တော့ဘူး။ ဒီဘက်မှာတိုက်ပွဲတွေကလည်း ဖြစ်နေတော့၊ စစ်တပ်က ရိက္ခာဖြတ်လိုက်တဲ့သဘောပေါ့။ ရေတောင်ပေးမသယ်တော့ဘူး။ အချိုရည်လည်း ပေးမသယ်ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ထားဝယ်မြို့နယ်အပါအဝင် အရှေ့တောနယ်ဒေသရှိ လမ်းပိုင်းတစ်လျှောက်တွင်လည်း စစ် ကောင်စီတပ်ဖွဲ့ဝင်များမှ ကုန်ကားများ ဖြတ်သန်းခွင့်ကို ရာနှုန်းပြည့် ပိတ်ပင်လိုက်ကြောင်း ၎င်း ဒေသခံက ဆက်ပြောသည်။

၎င်းဖြစ်စဉ်နှင့်အလားတူ တနင်္သာရီမြို့နယ်တွင်လည်း ယခင်ကစစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ)၏ ထောက်ခံချက်ဖြင့် ဆန်ဝယ်ယူခွင့်ရှိသော်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ အဆိုပါ ထောက်ခံ ချက်ဖြင့် ဆန်ဝယ်ယူခွင့်မရှိတော့သည့်အပြင် ဆန်သယ်ဆောင်ခွင့်ပါမရှိတော့ကြောင်း တနင်္သာရီမြို့နေ ဒေသခံတစ်ဦး ကပြောသည်။

“(စရဖ)လက်မှတ်နဲ့လည်းမရတော့ဘူး အခုဆိုရင်။ အဲ့ဒါကြောင့် လတ်တလောမှာတော့ ပြည်သူတွေ အနေနဲ့ အဆင်ပြေနိုင်ပေမဲ့ ရက်ကြလာရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အဲ့လိုတွေ ဖြစ်တော့ အခုဆို မှောင်ခိုလမ်းတွေပေါ်လာတယ်။ ဒါပေမဲ့ မှောင်ခိုလမ်းဈေးက ဆန်ဈေးထက် ဈေးပိုကြီးနေတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ဒေသအခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြီးခဲ့သည့် မတ်လကုန်ပိုင်းအတွင်း တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ စစ်ကောင်စီတပ်ရင်းများကို တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသောကြောင့် ယခုလို ဆန် နှင့် စားသောက်ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များကသုံးသပ်ပြောဆိုကြသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသ၊ ပုလောမြို့နယ် ပလမြို့နှင့် သရက်ချောင်းမြို့နယ်အတွင်းရှိ တောင်ပျောက်တိုက်နယ်များတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဆန်နှင့် စားသောက်ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို ရာနှုန်းပြည့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများက ပြောသည်။