ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေတွင် ဝင်ရောက် တပ်စွဲ ထားသည့် စစ်ကောင်စီ တပ်စခန်း ၂ ခု ထပ်မံ စခန်းစွန့်ခွာသွားကြောင်း ကေအဲန်ယူ မူတြော်ခရိုင် သတင်းစဉ်က ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ တပ်၏ စစ်ကြောင်းထိုးသည့်လမ်း၊ စားနပ်ရိက္ခာပို့ ဆောင်ရာလမ်းနှင့် သောက်သုံးရေဆင်းခတ်သည့် လမ်းကြောင်းကို မြေပြင်ခြေလျင် အသုံးပြုခြင်းမရအောင် ပိတ်ဆို့တားဆီးထားမှုကြောင့် လယ်ကလေးကျိုး စစ်စခန်းနှင့် ကျူလူစစ်စခန်း ၂ ခုကို စွန့်ခွာ၍ မနီးမဝေးရှိဗျူဟာ တပ်စခန်းနှင့် ပြန်လည်ပေါင်းစည်း သွားခြင်းဖြစ်ကြောင်း ကေအဲန်ယူက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်၏ (ခမရ-၃၄၉) လယ်ကလေးကျိုးစခန်းကို စွန့်ခွာ၍ ကျူလူတွင်တပ်စွဲထားသည့် တပ်ဖွဲ့ဝင်များနှင့် ပြန်လည်ပူးပေါင်းသွားခဲ့ရာမှ နောက်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပူးပေါင်းသွားသည့်ကျူလူစခန်းကို ထပ်မံစွန့်ခွာကာ မော်ဖူးဗျူဟာစခန်းသို့ ပြန်လည်ပူး ပေါင်းခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၈၉ ကြိမ် အထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၄၁ ဦးသေဆုံးကာ ၄၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်၏ လစဉ်ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုသို့ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်ပိတ်ဆို့ခံထားခြင်းကြောင့် စခန်းစွန့်ခွာထွက် ပြေးသွားမှုများရှိသည့်အပြင် KNLA ထံသို့ လက်နက်ချအလင်းဝင်ရောက်လာမှုများလည်း မကြာခဏပြုလုပ်လာလျက်ရှိသည်ဟု သိရသည်။
အလားတူ စစ်ကောင်စီတပ်ဖွဲ့များ လက်ရှိ ပြန်လည်ပေါင်းစည်းနေသည့် မော်ဖူးစခန်းကိုလည်း KNLA အမှတ်(၅) တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များက အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့ ထားလျက်ရှိသည်ဟု ကေအဲန်ယူက ပြောသည်။
စခန်းစွန့်ခွာထွက်ပြေးသည့် လယ်ကလေးကျိုးစခန်းသည် ၁၉၉၇ ခုနှစ်တွင် လာရောက်အခြေချတပ်စွဲထားပြီး ကျူလူစခန်းကမူ ၂၀၀၇ ခုနှစ်တွင် အခြေချတပ်စွဲခဲ့သည့် စခန်းများဖြစ်သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။



















