ဖေဖော်ဝါရီလ ၆ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ သိမ်ဇရပ်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး စခန်းအတွင်းရှိ ရဲတပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း Yangon Eagles (EB)၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နှင့် ယခုလ ဖေဖော်ဝါရီ ၅ ရက်နေ့ တွင် ၄၀ မမဗုံးပစ်လောင်ချာ၊ ဒရုန်းဗုံးသီး ၆၀ မမ များဖြင့် ၂ ကြိမ်အထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားအချို့ ထိမှန်ခဲ့ကြောင်း Yangon Eagles (EB)၏ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
“ရဲတပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရရှိတယ်လို့ သတင်းထောက်လှမ်းရရှိပါတယ်။ အိမ်စီးကားနဲ့ လူနာလာ သယ်တယ် လို့ သိရပါတယ်။ လက်နက်ကြီးကတော့ ပြန်မပစ်ပါဘူး။ လက်နက်ငယ်နဲ့ အတွဲလိုက် ပစ်ခတ်ပါတယ်။ ဒရုန်းကို လည်း ရမ်းသမ်းပစ်ခတ်တာပေါ့။ ကျနော်တို့ လှုပ်ရှား နေတဲ့နယ်မြေထဲက မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးမှ ဆောင်ရွက်တာပါ။ သူတို့အင်အား တိုးတာတွေတော့ မကြားမိ သေးဘူး”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
အဆိုပါ သိမ်ဇရပ်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ပထမအကြိမ်တိုက်ခိုက်မှုတွင် စခန်းအတွင်းမှ ရဲတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ဒုတိယအကြိမ်တွင်မူ ရဲတပ်သား ထိခိုက် မှုများရှိခဲ့သော်လည်း ထိခိုက်မှု အသေးစိတ် အချက်အလက်ကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဆိုပါ ရဲစခန်း တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ IAF (Iron Adventures Force) ၊ Yangon Eagles (EB)၊ သိမ်ဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အင်းတကော်(ပကဖ)၊ ကဝ (ပကဖ) နှင့် ရန်ကုန်မြောက်ပိုင်း ခရိုင်(ပကဖ) စသည့် တော်လှန်ရေး အင်အားစုများမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သိမ်ဇရပ်နယ်မြေရဲစခန်း ၂ ကြိမ်တိုက်ခိုက်ခံရပြီးနောက် လက်ရှိတွင် စစ်ကောင်စီတပ်က ရဲစခန်းအနီး နှင့် သိမ်ဇရပ် မြို့ပေါ်တွင် စစ်ဆေးမှုများတင်းကြပ်လာကြောင်းလည်း Yangon Eagles (EB)၏ တာဝန်ရှိသူက ဆက်ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် KNLA အပါအဝင် အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ ကျိုက်ထို တော်လှန် ရေး အင်အားစု-KRF၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေးဘီလူးတပ်ဖွဲ့၊ ရေးမြို့နယ် ကာကွယ် ရေးအထူး တပ်ဖွဲ့ -YSTF၊ ရေးပြောက်ကျားတပ်ဖွဲ့ -YGF နှင့် သထုံခရိုင်အလုပ်အဖွဲ့(ABSDF)၊ ဒေါန စစ်ကြောင်း နှင့် မွန်ပြည် တော်လှန်ရေးတပ်(MSRF)စသည့် တော်လှန်ရေးအင်အားစုများက နယ်မြေဒေသအတွင်းရှိ ပူးပေါင်း စစ်ဆင်ရေး များကို လုပ်ဆောင် နေလျက်ရှိသည်။



















