Home သတင်း ကွမ်းသီးဈေးပြန်တက်လာသော်လည်း စစ်ဘေးရှောင်နေရ၍ ကွမ်းသီးမရောင်းနိုင်

ကွမ်းသီးဈေးပြန်တက်လာသော်လည်း စစ်ဘေးရှောင်နေရ၍ ကွမ်းသီးမရောင်းနိုင်

836
Photo- KIC

ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ကွမ်းသီးဈေးပြန်တက်လာသော်လည်း ကွမ်းသီးခြံ လုပ်ကိုင်သူ များအနေဖြင့် စစ်ဘေးတိမ်းရှောင်နေရသောကြောင့် ကွမ်းသီးမ ရောင်းချနိုင်ကြကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့်(၂)နှစ်အတွင်း ကွမ်းသီးဈေး ဆက်တိုက်ကျဆင်းနေခဲ့ပြီး ယခုနှစ် အတွင်း ကွမ်းသီးဈေးပြန်လည်ဦးမော့လာကာ ကွမ်းသီးအလုံးခြောက် တစ်ပိဿာလျှင် (၃,၃၀၀) ကျပ်အထိ ဈေးမြှင့်တက်လာကြောင်း တနင်္သာရီမြို့နယ်မှ ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “အခုကွမ်းသီးဈေးက ဒီနှစ်မှ ပြန်တက်လာတယ်။ ပြီးခဲ့တဲ့နှစ်တွေက ဒိုင်တွေ ဆီမရောင်းရတဲ့ ကွမ်းသီးတွေကို သိမ်းထားကျတယ်။ ပြီးခဲ့တဲ့ နှစ်တွေကဆို တစ်ပိဿာကို (၁,၅၀၀) အထိပဲ ဈေးရတော့ တွက်ခြေမကိုက်ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ဘန်းလောကျေးရွာအုပ်စု နှင့် ဘန်းလမွတ် ကျေးရွာ များတွင် ပြီးခဲ့သည့် ဇန်နဝါရီလ(၁၅)ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ပြင်းထန်သောကြောင့် ဒေသခံများအနေဖြင့် ယနေ့ အချိန်ထိ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဘန်းလောကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့နှစ်တွေကလည်း ခဏခဏ စစ်ရှောင်နေရတော့ ကွမ်းသီးကိုသေချာ မရောင်းရဘူး။ အခုနှစ်က လည်း ကွမ်းသီးဈေးတက်လာပေမဲ့ စစ်ဘေးရှောင်နေရတယ်။ အဲ့တော့ တချို့ကွမ်းသီးတွေက ပုပ်ပြီး ဆုံးရှုံးမှုတွေနဲ့ ကြုံရတာပေါ့။ ကွမ်းသီးဈေးကလည်းမငြိမ်ဘူး။ တက်လိုက်ကျလိုက်နဲ့။” ဟု ထိုဘန်း လောကျေးရွာဒေသခံက ပြောသည်။

မြန်မာနိုင်ငံသည် ခြံထွက်ကွမ်းသီးများကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချနေခြင်းဖြစ်ပြီး နယ်စပ်ဒေသမတည်ငြိမ်မှုအခြေအနေများကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများလည်း ပုံမှန်အတိုင်း မဖြစ်သေးကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ကိုင်သူများက ပြောသည်။

ကွမ်းသီးများကို ပြည်ပသို့ တင်ပို့ရောင်းချရသည့် မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ရိဒ်ခေါဒါရ် ကုန်သွယ်ရေး ဂိတ်သည် ရိဒ်မြို့ကို ချင်းတော်လှန်ရေးတပ်များမှ တိုက်ခိုက်သိမ်းပိုက်သည့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စတင်ပြီး ရပ်နားသွားခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်များအရ သိရသည်။