Home သတင်း နေရပ်ပြန် ကော့ကရိတ်မြို့ခံများကို စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအသုံးပြုကာ စစ်ကြောင်းကင်းပတ်ခိုင်းနေ

နေရပ်ပြန် ကော့ကရိတ်မြို့ခံများကို စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအသုံးပြုကာ စစ်ကြောင်းကင်းပတ်ခိုင်းနေ

741
Photo: CJ

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ် မြို့တွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က ရပ်ကွက်အတွင်းပြန်လည်ဝင်ရောက်လာသူ များကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ကာ စစ်ကြောင်းပတ်သွားလာမှုလုပ်ဆောင်နေကြောင်း ပြန်လည် လွတ်မြောက်လာသည့် ဒေသခံစစ်ဘေးရှောင်သူများ ပြောစကားအရ သိရသည်။

ကော့ကရိတ်မြို့တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်း ရှောင် နေကြသော မြို့ခံစစ်ရှောင် ၁၅ ဦး ထက်မနည်းသည် ပြီးခဲ့သည့် ရက်ပိုင်းက ၎င်းတို့ နေအိမ်တွင် ကျန်ရှိသည့် စားစရာ၊ ပစ္စည်းများကို ပြန်လာယူစဉ် စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်း ပြုလုပ်ခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

၎င်းက “ဖုန်းတွေသိမ်းတယ်။ စစ်တယ်။ ပြီးတော့ ရှေ့က လမ်းမပေါ် တန်းစီသွားခိုင်းတယ်။ သူတို့ စစ်သားက နောက်ကလိုက်တယ်။ ရပ်ကွက်တစ်ပတ်ပေါ့၊ ပတ်လျှောက်ရတယ်။ ပြီးတော့ တောင်ပေါ် ကျောင်းသစ်ပင်အောက်မှာ စုထိုင်ခိုင်းထားပြီး နင်တို့အိမ်တွေက လူတွေစားစရာ ငါတို့ဆီလာပို့၊ အရက်နဲ့ ဆေးရှာပို့ခိုင်းတယ်။ အိမ်က လူလိုက်လာပြီးပို့ မှ ပြန်လွတ်ပေးတယ်။ တချို့ မပို့ပေးတဲ့ လူဆက်ခေါ် ထားတယ် ”ဟု တစ်ရက်အကြာ ဖမ်းဆီးခံရပြီး လူသားဒိုင်းအသုံးပြုခံရသူတစ်ဦးက ပြောသည်။

ယခု ရက်ပိုင်းအတွင်း စစ်ရှောင်နေထိုင်သူများ၏ နေအိမ်များအား ဖောက်ထွင်းခိုးခံရမှုနှင့်နေအိမ်မီးရှို့ ဖျက်ဆီးခံရသည့် ဖြစ်စဉ်များနေ့စဉ် နီးပါးဖြစ်ပွားနေသည့်အတွက် ဒေသခံများအနေဖြင့် နေအိမ် ပြန်လည်ဝင်ရောက်နေထိုင် မှုများ၊ အိမ်သုံးပစ္စည်း လာရောက်သယ်ဆောင်ရွှေ့ပြောင်း မှုများ ရှိနေကြောင်း ကော့ကရိတ် မြို့ခံများက ပြောသည်။

နေအိမ်ရှိ ပစ္စည်းပြန်သယ်သူတစ်ဦးက “အိမ်ကို ပစ်ထားခဲ့ရတာ ၂ လ နီးပါးရှိနေပြီ၊ တတ်နိုင်သူ တွေကတော့ သူတို့ ဆိုင်ပစ္စည်းတွေ လာသယ်ပြောင်း ကြတယ်။ စားစရာမရှိ အလုပ်မရှိသူတွေကတော့ ရှောင်နေတဲ့ နေရာတွေမှာ နေဖို့စားဖို့ ခက်လာတော့ ကိုယ့်အိမ်ဘက်ပြန်ဝင်လာကြတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတာ၊ လက်နက်ကြီးကလည်း မြို့ ထဲ ကျပေါက်နေတာ။ လူတွေကလည်း အခုရက်မှာ ပြန်လာနေနေကြတာ များလာတယ်။ မီးလောင်မခံရသေးတဲ့ အိမ်တွေက ပစ္စည်းတွေ လွတ်ရာလာသယ်ထုတ်ရွှေ့နေကြတယ်။ စစ်တပ်က တွေ့ရင်ပစ်တယ်။ ဖမ်းတယ်။ ဖုန်းတွေ စစ်တယ်၊ PDF အကြောင်း မေးတယ် ” ဟု ပြောသည်။

Photo: CJ

လက်ရှိ ကော့ကရိတ် မြို့ တိုက်ပွဲ နှစ်လ နီးပါးအကြာ ရှိလာချိန်အထိ ကရင်မျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်တပ်တပ်စွဲထားသည့်နေရာများ နေ့စဉ် အပြန် အလှန်ပစ်ခတ်တိုက်ခိုက်မှု ဆက်ရှိနေပြီး စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်း ဗုံးချ တိုက်ခိုက်မှုနေ့စဉ် လုပ်ဆောင်နေလျက်ရှိသည့်အတွက် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီး၊ မီးလောင် ဆုံးရှုံးမှုပိုအဖြစ်များလာကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ် ပြောစကားအရ သိရသည်။

လတ်တလော နှစ်ဖက် စစ်ဆိုင်ထားသည့်အခြေအနေမှာ ချောင်းတောင်-ကမိုင်ကုန်းလမ်းဆုံ၊ လှိုင်ဝ တံတား၊ အမှတ် ၃ စစ်ဆေးရေးဂိတ်၊ အာရှလမ်းမသစ်၊ တတန်ကူး၊ ဆင်ကုန်း နေရာများဘက်တွင် စစ်တပ်နှင့် KNLA မဟာမိတ် ပူးပေါင်းတပ်များ ဆက်လက် စစ်ရေးတင်းမာ နေဆဲ အခြေအနေ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရရှိသည့် သတင်းအရ ယနေ့ နံနက်ပိုင်းတွင်လည်း ကော့ကရိတ်မြို့တွင် နှစ်ဘက် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို အမှတ် (၇) ရပ်ကွက်တွင် လူနေအိမ်များ မီးလောင် ကျွမ်းနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားသည့် နှစ်လကျော်အတွင်း လူနေအိမ်ပေါင်း ၂၀၀ကျော် မီးလောင်ပျက်စီးခဲ့ပြီးဟု မြို့ခံများက ပြောသည်။