ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ(သထုံ)ခရိုင် (တပ်မဟာ ၁ နယ်မြေ)၊ ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းမှ စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးတပ်သားတစ်ဦး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ရက်နေ့က လက်နက်အပြည့်အစုံနှင့်အတူ လာရောက်လက်နက်ချခဲ့သည်ဟု KNU က ကေအိုင်စီသို့ ပြောသည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ (၈) လက်အောက်ခံ ခြေမြန်တပ်ရင်း – ခမရ ၄၁၀ မှ ဆက်သွယ် ရေးတပ်သား စိုးနိုင်ဝင်းသည် MA 3 တစ်လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၃၀၀ တောင့်၊ အီနာကာ ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံးတို့ကို ယူဆောင်လာပြီး လက်နက်ချခဲ့သည်ဟု KNLA တပ်မဟာ (၁) က ပြောသည်။
တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့သည့် စစ်ကောင်စီတပ်လက်အောက် တွင် တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့၍ ယခုလို လက်နက်ချအလင်းဝင်လာခြင်းဖြစ်သည်ဟု KNLA တပ်မဟာ (၁ ) တာဝန်ရှိသူများက ပြောသည်။
ယခုလို လက်နက်ခဲယမ်းအပြည့်အစုံနှင့် လာရောက်လက်နက်ချခဲ့သူ ဆက်သွယ်ရေးတပ်သား စိုးနိုင်ဝင်းအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟုလည်း ကေအဲန်ယူက ပြောသည်။



















