Home သတင်း ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲပဋိပက္ခများကြောင့် နေရပ်ရှောင်ဒေသခံအချို့ အိမ်မပြန်နိုင်သေး

ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲပဋိပက္ခများကြောင့် နေရပ်ရှောင်ဒေသခံအချို့ အိမ်မပြန်နိုင်သေး

818
Photo: CJ (ရေတာရှည်စစ်ဘေးရှောင်များ-ပုံဟောင်း)

ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သဖန်းဇင်၊ ကွမ်းအုံ၊ နှောပင်ကျေးရွာ အစရှိသည့် ကျေးရွာများ တွင် ဇန်နဝါရီလ ပထမပတ်မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသော ဒေသခံအချို့ လက်ရှိအချိန်ထိ အိမ်မပြန်နိုင်သေးကြကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပဲခူးတိုင်းမှ တော်လှန်ရေးအင်အားစုအချို့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများစတင်မဖြစ်ပွားခင် ဒီဇင်ဘာလကုန်ပိုင်းအတွင်း သဖန်းဇင်ကျေးရွာနေ ပြည်သူအချို့မှာ ကြိုတင်ရှောင်တိမ်းထားကြပြီး ဇန်နဝါရီလ(၁၀)ရက်နေ့၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုနှင့် ဇန်နဝါရီလ (၁၂)ရက်နေ့ စစ်တပ်၏နေအိမ်မီးရှို့မှုများဖြစ်ပွားခဲ့ပြီးနောက်မှ ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ ကြခြင်းဖြစ်သည်။

လက်ရှိ တိုက်ပွဲငြိမ်သက်သွားပြီဖြစ်သော်လည်း တော်လှန်ရေးအင်အားစုများဘက်မှ နယ်မြေရှင်း လင်းရေးလုပ်ဆောင်နေသဖြင့် နေရပ်မပြန်နိုင်သေးခြင်းဖြစ်ကြောင်း တောင်ငူမြို့ နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-တပ်ခွဲ(၄)မှ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့မိုင်းရှင်းလင်းရေးတွေဘာတွေ လုပ်နေတော့ ရွာကလူတွေမပြန်ခိုင်းသေးတာ ကွမ်း အုံရွာမှာ လည်း ဘုန်းကြီးတစ်ပါးပဲရှိတယ်။ ပွဲဖြစ်ပြီဟေ့ဆိုရင် လူတွေကတော့ အထိအခိုက်မရှိအောင် ရွှေ့ကြ တာပဲ။ ပွဲမဖြစ်ခင်ရက်ကတော့ နာမည်ထွက်နေတဲ့လူတွေက ကြိုရွှေ့ထားကြတာ နေအိမ် တွေမီးရှို့ခံရ တော့မှ ကျန်တဲ့လူတွေ က ရွှေ့ကြတာ” ဟု ၎င်းက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

ဇန်နဝါရီလ(၁၂)ရက်နေ့က စစ်ကောင်စီမှ PDF ထောက်ပို့ဟုစွပ်စွဲ၍ မီးရှို့ခံလိုက်ရသော နေအိမ်(၅) လုံးပိုင်ရှင် မိသားစုများအပါအဝင် ရွာနေလူထုမှာ တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရေတာရှည်မြို့ပေါ်နှင့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဘေးလွတ်ရာ နေရာများတွင် ခိုလှုံနေထိုင်ကြ ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံအမျိုးသမီးတစ်ဦးကလည်း “အရင်ကတည်းကရွှေ့ခိုင်းထားပေမယ့်တချို့ကတော့ နွားတွေရှိလို့သေရင်သေပါစေဆိုပြီး နေတာရှိသေးတယ်။ (၁၀)ရက်နေ့ က သဖန်းဇင်မှာ လက်နက်ကြီးကျတော့ တစ်ယောက်သေတယ်၊ တစ်ယောက်ကဒဏ်ရာရတယ်လေ။ စစ်ရှောင်တချို့ကတော့ မြို့ပေါ်သွားနေတယ်။ တချို့ကတော့ အရှေ့ဘက်ကမ်းကိုသွားကြတယ်။ ပြည်သူတွေပဲခံနေရတာ” ဟု ပြောသည်။

လက်ရှိ တိုက်ပွဲကြောင့် တိမ်းရှောင်နေရသော သဖန်းဇင်ကျေးရွာနှင့် ကွမ်းအုံကျေးရွာအုပ်စု နှစ်စုပေါင်း လူဦး‌ရေ ၅,၀၀၀ ထောင်ကျော်ရှိကြောင်း စစ်ကောင်စီ၏ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၅)ရက်နေ့ကလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီးနောက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့သည့် အိမ်ခြေ(၄၀၀)ကျော်ရှိ မရိုးခုံရွာမှ ဒေသခံများနှင့် အနီးဝန်းကျင်ရွာမှ ဒေသခံများမှာ တိုက်ပွဲငြိမ်သက်သည်အထိ ဘေးလွတ်ရာတွင် ရှောင်တိမ်းနေထိုင်ခဲ့ရသလို မရိုးခုံရွာမှ မီးရှို့ခံလိုက်ရ သော နေအိမ်အလုံး(၄၀)ကျော်ပိုင်ရှင် မိသားစုများမှာလည်း နေရေးစားရေး အခက်အခဲများ ရင်ဆိုင်တွေ့ကြုံခဲ့ရသည်ဟု သိရသည်။