ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ လက်ရုံးတပ်များသည် မြောက်ပိုင်းဒေသ တော်လှန်ရေး အင်အားစုများကဲ့သို့မဟုတ်ဘဲ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို သတ်ဖြတ်ပစ်ကြောင်း စစ်တပ်တွင်း ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်မှုလုပ်ဆောင်နေကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့် သတင်း အရင်း အမြစ်ထံမှ သိရသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် အလံဖြူထောင် လက်နက်ချ သူများကို ပြန်လွှတ်ပေးသော်လည်း ကေအဲန်ယူ တပ်ဖွဲ့ဝင်များကမူ ဖမ်းဆီးရမိသည့် ကလေးများပါမချန် သတ်ဖြတ်နေသည်ဟု တပ်တွင်းဝါဒဖြန့်မှုကို ကိုယ်တိုင်ကြားသိခဲ့ရသည့် တပ်တွင်း သတင်းအရင်းမြစ်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “တပ်ထဲမှာပြောနေကြတာကို နားထောင်မိတာ မြောက်ပိုင်းအဖွဲ့တွေက သုံ့ပန်းတွေကို ပြန်လွှတ်ပေးတယ်တဲ့။ ကေအဲန်ယူတွေကျ သတ်ပစ်တယ်လို့ ပြောနေကြတယ်။ မုန်းက Case(ဖြစ်စဉ်) ကို ပြောကြတာပါ။ ဘာတောင်ပြောလဲဆိုရင် ဆေးသုံးပြီး ချကြတယ်တို့၊ ၇ နှစ်သားအရွယ်ကို နောက်ကြောကနေ ဓားနဲ့ ထိုးသတ်တယ်တို့ စသဖြင့် အဲ့ဒါတွေလည်း ပါတယ်” ဟု ပြောသည်။
အဆိုပါ သတင်းဖြန့်ဝေမှုကို ကေအဲန်ယူက တိုက်ခိုက်သိမ်းပိုက်လိုက်သည့် မုန်းမြို့အခြေစိုက် ခြေမြန် တပ်ရင်း (ခမရ-၅၉၀) မှ လွတ်မြောက်လာသည့် ရဲမေတစ်ဦးက ပြောဆိုခဲ့သည်ကို ပြန်လည်ဖြန့်ဝေ ပြောဆိုနေကြခြင်းဖြစ်ကြောင်းလည်း အဆိုပါ သတင်းအရင်းအမြစ်က ယခုလို ဆက်ပြောသည်။
“ပြီးတော့လေ GE တပ်က မုန်းမှာ အလံဖြူထောင်လိုက်တဲ့ အရာရှိသုံးယောက်ကိုလည်း သတ်ပစ် လိုက်ပြီးလို့ ပြောနေကြတယ်။ ဖြစ်နိုင်ရင် သံသယရှင်းအောင် အဲ့လူတွေရဲ့ လက်ရှိပုံတွေဖြစ်ဖြစ်၊ ရုပ်သံဖိုင်တွေ ဖြစ်ဖြစ် ထုတ်ပြစေချင်တယ်” ဟု ၎င်းတပ်တွင်း သတင်းအရင်းမြစ်က ဖြည့်စွက်ပြောဆိုသည်။
ကေအဲန်ယူ၏ တပ်မဟာ(၃) နယ်မြေအတွင်းရှိ ပဲခူးတိုင်း၊ မုန်းမြို့ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာတွင် တပ်ရင်းမှူးအဆင့်ရှိသူ အရာရှိအပါအဝင် တပ်ဖွဲ့ဝင်အများအပြား လက်နက် ချအညံ့ခံခဲ့သလို တပ်ဖွဲ့မိသားစုဝင် (၂၀)ဦးထက်မနည်းကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု KNLA ဘက်က ဒီဇင်ဘာလ (၅) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဖမ်းဆီးရမိသူများနှင့် လက်နက်ချအညံ့ခံသူများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထား ကြောင်း KNLA ဘက်က သတင်းထုတ်ပြန်ထားပြီး ၎င်းတို့ကိုလည်း စစ်သုံ့ပန်း မူဝါဒ နှင့် အပြည် ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအတိုင်း လိုက်နာဆောင်ရွက်နေကြောင်းလည်း ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စစ်တပ်၏ ဝါဒဖြန့်မှုအပေါ် ယခုလို တုန့်ပြန်ပြောဆိုသည်။
၎င်းက “သူတို့ပြောသလို နည်းနည်းလေးမှ မဟုတ်မှန်ပါဘူး။ ဒီ မှီခိုသူဖြစ်တဲ့ သူတို့ မိသားစုတွေ အတွက်ကိုတော့ ကျနော်တို့ဘက်က အကောင်းဆုံးဖြစ်အောင် စီစဉ်နိုင်ဖို့ စဉ်းစားထားပါတယ်။ ကျန်တဲ့လက်နက်ချတဲ့ သူတွေကိုတော့ ကျနော်တို့ရဲ့ စစ်သုံ့ပန်းပေါ်လစီ နဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေများအတိုင်း တသွေမတိမ်း လိုက်နာနေပါတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ ရာနှင့်ချီ သော အခြေစိုက်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၅) ရက်နေ့က လောက်ကိုင်ရှိ စစ်ကောင်စီ၏ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒစက)မှ ဗိုလ်မှူးချုပ် (၆)ဦး အပါအဝင် ထောင်နှင့်ချီသည့် စစ်ကောင်စီ တပ်သားများ လက်နက်ချခဲ့ပြီးနောက် ၎င်းတို့ သွားလိုသည့် ဒေသများကို အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း မဟာမိတ်တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ခဲ့သည်။



















