ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်တံခါးနှင့် ညောင်လေးပင်မြို့တို့တွင် စစ်တပ်က စစ်သင်တန်းတက်ရန် လူ တောင်းခြင်း၊ လုပ်ငန်းရှင်များထံမှ ငွေတောင်းခြင်းနှင့် ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်တံခါးနှင့် ညောင်လေးပင်မြို့အကြားရှိ သူဌေးကုန်းကျေးရွာ၊ သာယာကုန်း အစရှိသည့် ကျေးရွာ များမှ ရွာလူကြီးများအား ကျောက်တံခါးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်လက်အောက်ခံ ရဲဘက်နယ် ထိန်းတို့က အစည်းအဝေးခေါ်ယူ၍ ပြည်သူ့စစ်သင်တန်းတက်ရန် တစ်ရွာလျှင် လူ(၂၀)ခန့် တောင်း ခံခြင်း၊ လုပ်ငန်းရှင်များထံမှ ငွေတောင်းခံခြင်းနှင့်၊ လူမပေးနိုင်ပါက ရွာများကို လေယာဉ်ဖြင့် ပစ်ခတ် မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအဲန်ယူက လည်း ဇန်နဝါရီလ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ထို့အတူ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့ရှိ ဒေသခံများကိုလည်း စစ်တပ်က တစ်အိမ်လျှင် အမျိုး သားတစ်ဦးစီ အလှည့်ကျ ပြည်သူ့စစ်သင်တန်းတက်ရန် အတင်းအကြပ်စေခိုင်းနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။
၎င်းက “ကျောက်ကြီးမြို့ထဲမှာလည်း ပြည်သူ့စစ်လုပ်ဖို့ အတင်းခေါ်တယ်၊ မလုပ်တဲ့အိမ်တွေဆိုရင် လူငှားပြီး ထည့်ပေးရမယ်။ တစ်အိမ်တစ်ယောက် အလှည့်ကျနဲ့၊ ကိုယ့်အလှည့်ကျလို့ မသွားနိုင်ရင် ငှားပေးလို့ရတယ်။ မသွားနိုင်ရင် ကျောက်တံခါးဘက်မှာလိုပဲ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူ ထိန်းချုပ်နယ်မြေများအတွင်း စစ်ကောင်စီက ထိုသို့ ပြည်သူ့စစ်သင်တန်းတက်ရန် အရပ် သားပြည်သူ ဆန္ဒမပါဘဲ အတင်းအကြပ်စုဆောင်းနေခြင်းနှင့်ပတ်သက်၍ ကေအဲန်ယူဘက်က သဘော ထားနှင့် ဆက်လက်လုပ်ဆောင်သွားမည့်အစီအမံများအပေါ် ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ထို့အတူ ပြီးခဲ့သည့် ရက်ပိုင်းများကလည်း ကေအဲန်ယူ တပ်မဟာ(၂) တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ ကျေးရွာများအပါအဝင် ပဲခူးတိုင်းအနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင်လည်း စစ်တပ်က အစည်း အဝေးများခေါ်ယူကာ စစ်သင်တန်းတက်ရန် ပြောဆိုခိုင်းစေခဲ့ခြင်းများ ရှိနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။



















