Home သတင်း လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံအရပ်သားများကို လူသားဒိုင်း ပြုလုပ်

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံအရပ်သားများကို လူသားဒိုင်း ပြုလုပ်

931
Photo: CJ

ဇန်နဝါရီလ(၅)ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကညိုကျွန်း၊ ဝေဒီ၊ စစ်ပြဲ နှင့် လေးကျွန်းခံ အစရှိသည့် ကျေးရွာများသို့ ဒီဇင်ဘာလ(၂၇)ရက်နေ့မှစ၍ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် စစ်တပ်က အရပ် သားများကို လူသားဒိုင်းအနေဖြင့် ‌ဖမ်းဆီးခေါ်ဆောင်မှုအများအပြား ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကျွန်းဆွယ်တစ်လျှောက်ရှိ ကျေးရွာပေါင်း(၂၀)ကျော်သို့ စစ်ကြောင်းထိုးလာစဉ် အမျိုးသမီးများအပါအဝင် ဒေသခံ လူငယ်များအား စစ်တပ်က လူသားဒိုင်း အနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဖမ်းဆီး ခံရသူ များအနက် ပြန်လည်းလွတ်လာသူအချို့ရှိသော်လည်း စစ်ကောင်စီ၏ ဆက်လက် ဖမ်းဆီးထားသောဒေသခံများ လည်း လက်ရှိအချိန်ထိ ကျန်ရှိနေသေးကြောင်း လောင်းလုံးဒေသခံတစ်ဦးက ယခုလိုပြောသည်။

လောင်းလုံးမြို့ခံအမျိုးသားတစ်ဦးက “ရွာတစ်ရွာကိုဝင်ပြီးရင် အဲဒီကလူတွေကိုဖမ်းတယ်။ ခေါ်သွားတယ်။ နောက်တစ်ရွာရောက်ရင် ဖမ်းလာတဲ့တချို့ကိုပြန်လွတ်ပေးတယ်။ သန်သန်မာမာရှိတဲ့ယောင်္ကျားတွေကို ဆက် ခေါ်သွားတယ်။ အခုအချိန်ထိက သူတို့လက်ထဲမှာ လူသားဒိုင်းအနေနဲ့ ဖမ်းခေါ်သွားတဲ့သူတွေရှိနေတုန်းပဲ။ ဘယ်နှစ်ယောက်‌ဆိုတာတော့ အတိအကျမသိဘူး။ အဲ့ဒီအထဲမှာ အမျိုးသမီးတွေလည်းပါတယ်။ လမ်းလျှောက် နိုင်တဲ့သူ‌တွေပေါ့။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် စစ်တပ်က ၎င်းတို့စစ်ကြောင်းထိုးဝင်ရာ လေးကျွန်းခံရွာနှင့် စစ်ပြဲရွာမှ နေအိမ် (၂၂)လုံးအား ဒီဇင်ဘာ လ (၂၈) ရက်‌နေ့က မီးရှို့ဖျက်ဆီးခဲ့သလို ရွာပေါင်း(၂၀)ကျော်မှ ဒေသခံထောင်နှင့်ချီ၍ ရွှေ့ပြောင်း စစ်ရှောင်နေရ ကြောင်းလည်း ‌စစ်ရှောင်အရေး ကူညီနေသူများထံမှ သိရသည်။

မြို့ခံစစ်ရှောင်ကူညီသူ တစ်ဦးက “သူတို့ဝင်လာတဲ့ရွာပေါင်း (၂၀) ကျော်က ဒေသခံအများစုက စစ်ရှောင်နေရ တုန်းပဲ။ ဒီနေ့ဆို သူတို့ သပြေရှောင်ကျေးရွာအုပ်စုဆီရောက်နေပြီ။ စစ်ရှောင်ဦးရေ က ကျနော်တို့ စာရင်း ကောက်ဖို့ခက်တယ်။ ကျနော်တို့လောင်းလုံးက ကျွန်းဆွယ်ဆိုတော့ အောက်ဖက်မှာစစ်ကြောင်းထိုးရင် လူတွေ က အပေါ်ဘက်ကိုတက်တယ်။ အဲ့လိုရွှေ့ပြောင်းနေရတော့ ရွာထဲဝင်လိုက်ထွက်လိုက်အနေအထားမှာ စစ်ရှောင် ဦးရေက ခန့်မှန်းရခက်တယ်။” ဟု ကေအိုင်စီကိုပြောသည်။

Photo: CJ

အင်အား (၁၅၀) ခန့်ဖြင့် ကုန်းကြောင်း နှစ်ကြောင်း အပြင် ရေကြောင်းတစ်ကြောင်းဖြင့် စစ်ကြောင်း ထိုးလာ သော စစ်ကောင်စီတပ်များက ၎င်းတို့ဖမ်း‌ဆီးထားသော ဒေသခံများအား အကြမ်းဖက်နှိပ်စက်ခြင်းမရှိသော် လည်း ဖုန်းအတွင်း တော်လှန်ရေးနှင့်ပတ်သက်သည်များ စစ်ဆေးတွေ့ရှိပါက ဆက်လက်ဖမ်းဆီး ခေါ်ဆောင် သွားသည် ဟုလည်း ဒေသခံများက ပြောသည်။

ထို့အတူ စစ်ကောင်စီတပ်များသည် ကျေးရွာများအတွင်း စစ်ကြောင်းဝင်ရောက်စဉ်တွင် ဒေသခံများ၏ နေအိမ် များအား ဖောက်ထွင်းဝင်ရောက်၍ နေအိမ်ရှိ ပစ္စည်းများအား ယူဆောင်သွားကြကြောင်း ထားဝယ်ခရိုင် ဒီမို ကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဒီဇင်ဘာလကုန်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လောင်းလုံးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDFများအနေဖြင့် နယ်မြေစိုးမိုးမှု အများ အပြား မရရှိထားခြင်းကြောင့် စစ်ကောင်စီဘက်မှ အင်အားအများအပြားအသုံးပြု၍ စစ်ကြောင်းထိုးပြီး ဒေသခံ အရပ်သားများအား လူသားဒိုင်းအသုံးပြုခြင်းကြောင့် စစ်ကောင်စီ နှင့် ထိပ်တိုက် တိုက်ပွဲရင်ဆိုင်ရန် ခဲယဉ်းကြောင်းလည်း မြေပြင်သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။