Home သတင်း ကရင်ပြည်နယ်မှ အကျဉ်းသား ၂၀၀ ကျော်လွတ်မြောက်ရာတွင် နိုင်ငံရေး အကျဉ်းသား ၇ ဦးသာပါဝင်

ကရင်ပြည်နယ်မှ အကျဉ်းသား ၂၀၀ ကျော်လွတ်မြောက်ရာတွင် နိုင်ငံရေး အကျဉ်းသား ၇ ဦးသာပါဝင်

956
Photo: CJ

ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ၏ ယမန်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် ကရင်ပြည်နယ် တောင်ကလေး အကျဉ်းထောင် နှင့် အကျဉ်းအလုပ်စခန်း နှစ်ခုမှ အကျဉ်းသား ၂၀၀ ကျော်လွတ်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား (၇) ဦးသာ ပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိ ရသည်။

လွတ်လပ်ရေးနေ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီမှ အကျဉ်းသူ၊ အကျဉ်းသားပေါင်း (၉,၆၅၂) အပြင် နိုင်ငံခြားသား အကျဉ်းသား (၁၁၄) ဦးအား လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ပေးခဲ့ရာတွင် ကရင်ပြည်နယ်အတွင်း အကျဉ်းသား ၂၀၀ ကျော်ပါဝင်ခဲ့သော်လည်း ၎င်းထဲမှ လွတ်ရက်စေ့ ခါနီး နိုင်ငံရေး အကျဉ်းသား (၇) ဦးပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက ယခုလို ပြောသည်။

“ဖားအံ နဲ့ ကော့ကရိတ်၊ မြဝတီဘက်က (၅၀၅) ပုဒ်မ နဲ့ ကျနေတဲ့သူ အမျိုးသမီး(၁)ယောက်၊ အမျိုးသား (၆) ယောက်လွတ်တာမှာ လွတ်ရက်က လပိုင်း နဲ့ ရက်ပိုင်းလိုတာတွေ လွတ်တဲ့အထဲပါလာတယ်။ ကျန်တာက မူးယစ်ဆေးဝါးမှု အများဆုံး နဲ့ ဆိုင်ကယ် ခိုးမှုလိုဟာမျိုးတွေက အကျဉ်းသားတွေလွတ်တယ်။ ဘယ်လောက် ဆိုတာတော့ အတိအကျ မသိရသေးဘူး။ သုံးနေရာပေါင်းဆို ၂၀၀ ကျော် လွတ်တယ်တော့ အကြမ်းဖျင်း သိရ တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ကရင်ပြည်နယ်တွင် တောင်ကလေး အကျဉ်းထောင်၊ လက္ခဏ စိုက်ပျိုးရေး အကျဉ်းစခန်း၊ မာလာဖူး ကျောက် ထုတ်အလုပ်စခန်းများရှိပြီး၊ အကျဉ်းသားပေါင်း တစ်ထောင်နီးပါးရှိကာ နိုင်ငံရေးအကျဉ်းသား မည်မျှရှိသည်ကိုမူ အသေးစိတ် မသိရှိရကြောင်း တောင်ကလေးအကျဉ်းထောင် သတင်းအရင်းအမြစ်များထံမှ သိရသည်။

“တောင်ကလေးထောင်မှာက နိုင်ငံရေး အကျဉ်းသား သိပ်မရှိဘူး။ ပြစ်မှုအကျဉ်းသားတွေများတယ်။ မူးယစ် ဆေးဝါးမှုများတယ်။ နိုင်ငံရေး အကျဉ်းသားတွေ က (၅၀၅) ပုဒ်မ လောက်ဘဲရှိတယ်။ ကျန်တဲ့ နှစ်ကြီးသမား နှစ်မှု၊ သုံးမှုကပ်ပြီး မတရား ထောင်ချထားတာတွေက သာယာဝတီထောင်၊ ဒိုက်ဦးထောင်၊ သရက်ထောင်၊ တောင်ငူထောင်၊ ကျိုက်မရောထောင်တွေဘက်ကို ထောင်ပြောင်း ပို့ပစ်ထားတယ်” ဟု တောင်ကလေး အကျဉ်း ထောင် သတင်းအရင်း က ကေအိုင်စီ သို့ ပြောသည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ စစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်း ခံရ သူ (၂၅,၇၄၉) ဦးရှိပြီး (၈,၄၆၉)ဦး ထောင်ဒဏ် အသီးသီးကျခံနေရကာ ၎င်းထဲတွင် သေဒဏ်ကျခံနေရသူ (၁၆၂) ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားချက်အရ သိရသည်။