Home သတင်း ပုံမှန်မဟုတ်သည့် မိုးရွာသွန်းမှုကြောင့် မိုးစပါးအထွက်နှုန်းကျဆင်းမည်ကို လယ်သမားများ စိုးရိမ်

ပုံမှန်မဟုတ်သည့် မိုးရွာသွန်းမှုကြောင့် မိုးစပါးအထွက်နှုန်းကျဆင်းမည်ကို လယ်သမားများ စိုးရိမ်

749

အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးစသည့်မြို့နယ် ၄ ခုရှိ ကျေးရွာများတွင် ယခုနှစ်မိုးရာသီအတွင်း ပုံမှန်မဟုတ်သည့် မိုးရွာသွန်းမှုများကြောင့် စပါးပင်များ ပျက်စီးခြင်းနှင့် စပါးပင်များလှဲကျခြင်းများဖြစ်ပေါ်သောကြောင့် စပါးအသီးမဖြစ်ထွန်းဘဲ အထွက် နှုန်းကျဆင်းမည်ကို စိုးရိမ်နေရကြောင်း လယ်စိုက်တောင်သူများက ပြောသည်။

၎င်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိုးစပါးစိုက်ပျိုးမှုကို အဓိကထားလုပ်ကိုင်နေကြပြီး ယခုလို ပုံမှန်မဟုတ်သည့် မိုးရွာသွန်းမှုများကြောင့် စပါးများပျက်စီးခြင်း၊ အပင်များ လှဲကျခြင်းတို့ဖြစ်ပေါ်နေ၍ စပါးအထွက်နှုန်းကျမည်ကို စိုးရိမ်နေရသည်ဟု လှိုင်းဘွဲမြို့နယ်ရှိ ဒေသခံလယ်စိုက်တောင်သူတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ဒေသက မိုးစပါးကို အားကိုးကြတယ်။ မိုးစပါးက အထွက်များတော့ အများအားဖြင့် ပိုစိုက် ကြတယ်။ အခုနှစ်မှာတော့ စပါးအသီးမအောင်မှာကိုစိတ်ပူ‌နေရတယ်။ တချို့လယ်တွေမှာ အပင်တွေ အရမ်း ပျက်စီးနေတော့ လယ်သမားတွေစိတ်ပျက်နေကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုမြို့နယ်များတွင် ဩဂုတ်လတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် စပါးခင်းများအတွင်းသို့ နှုန်းမြေများ၊ ဗွက်များဝင်ရောက်၍ စပါးပင်များစွာပျက်စီးခဲ့ကြသလို ပြန်လည်စိုက်ပျိုးမှုလည်း မလုပ် ဆောင်နိုင်သောကြောင့် စပါးအထွက်နှုန်းကျဆင်းနိုင်သည်ဟု ၎င်းကဆက်ပြောသည်။

၎င်းမြို့နယ် ၄ ခုရှိ ကျေးရွာဒေသများတွင် လယ်ယာစိုက်ပျိုးမှုကို အဓိက စီးပွားရေး အဖြစ် လုပ်ကိုင် နေကြပြီး အခုလိုမိုးရွာသွန်းမှုများကာ စပါးပင်များပျက်စီးနေခြင်းကြောင့် နောက်နှစ်တွင် စပါးဈေး တက်နိုင်သည်ဟု ကော့ကရိတ်မြို့နယ် ရေပူကြီးရွာ လယ်စိုက်တောင်သူတစ်ဦးက ပြောသည်။

၎င်းက”မိုးကအရမ်းရွာတော့ ကျနော်တို့စပါးခင်လည်းပျက်စီးတာပဲ။ ဘေးကလယ်တွေလည်း အခြေအ နေ သိပ်မကောင်းဘူး။ အာဏာသိမ်းပြီးကတည်းက ဈေးတွေအကုန်တက်နေတာ။ စပါးနဲ့ဆန် ဈေးဆိုလည်း နှစ်ဆတက်နေတာပဲလေ။ အခုလို အထွက်နှုန်းနည်းရင် စပါးပွဲစားနဲ့ အဝယ်ဒိုင် အကြိုက်ဈေး ကစားလို့ကောင်းတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင် တောင်သူလယ်သမားများနှင့် အခြေခံလူတန်းစားများအနေဖြင့် စီးပွားရေးနှင့် စားဝတ်နေရေးအကြပ်အတည်းများကို ရင်ဆိုင် လာကြရသလို ငွေကြေးဖောင်းပွမှုနှင့်ကုန်ဈေးနှုန်းအဆမတန် မြင့်တက်မှုဒဏ်ကိုပါ ကြုံတွေ့ ရသည့်အတွက် ယခုလို စပါးအထွက်နှုန်းနည်းသည့် ဒုက္ခများကိုပါ ခံကြရတော့မည်ကို လယ်စိုက်တောင်သူများ စိုးရိမ်နေကြခြင်းဖြစ်သည်။

ကရင်ပြည်နယ်ရှိ တောင်သူလယ်သမားများသည် ဒေသတွင်းဖြစ်ပေါ်လာသည့် စစ်ရေးပဋိပက္ခကြောင့် စစ်ရှောင်နေရ၍ စပါးမစိုက်ပျိုးနိုင်ခြင်း၊ မိုးများကာ ရေကြီးရေလျှံမှုများဖြစ်ပွားပြီး စပါးခင်းများ ပျက်စီးမှု များသောကြောင့် ပြည်နယ်အတွင်း စပါးအထွက်နှုန်းလည်း များစွာလျော့နည်းလာကြောင်း ဒေသခံများက ပြောဆိုကြသည်။