Home သတင်း စစ်ကောင်စီခန့် ထီဟူးသံကျေးရွာအုပ်စု စာရင်းကိုင် ပစ်ခတ်ခံရ၍ သေဆုံး

စစ်ကောင်စီခန့် ထီဟူးသံကျေးရွာအုပ်စု စာရင်းကိုင် ပစ်ခတ်ခံရ၍ သေဆုံး

766

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယ‌မန်နေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီခန့်အပ်သည့် ထီဟူးသံကျေးရွာအုပ်စု စာရင်းကိုင် ညီညီနိုင်ဆိုသူ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံးသွားကြောင်း ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။

စစ်ကောင်စီခန့် ထီဟူးသံကျေးရွာအုပ်စု စာရင်းကိုင်ညီညီနိုင်သည် ရွှေနတ်တောင်ခြေခြံရှိ ၎င်းအစ်ကို တော်စပ်သူထံ ထမင်းသွားရောက်ပို့ဆောင်ပြီး အပြန်လမ်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားစဉ် ထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ‌ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပြသည်။

၎င်းက “ထီဟူးသံကျေးရွာအုပ်စုကစာရင်း ကိုင်ပစ်သတ်ခံလိုက်ရလို့သေပြီး။ မ‌နေ့က ရွှေနတ် တောင်ခြေကခြံမှာ တော်လှန်ရေးတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးပြီး ခေါ်ဆောင်သွားတယ်။ လမ်းတစ် ဝက်မှာပဲ ဆိုင်ကယ်ကို ချိုင့်ထဲ မောင်းဆင်းပြီး ထွက်ပြေးဖို့လုပ်တော့ ပစ်သတ်ခံလိုက်ရတယ်”ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီခန့်အပ်ထားသည့် စာရင်းကိုင်ကို ဖမ်းဆီးခေါ်‌ဆောင် စစ်‌ဆေး၍ ပထမ အချိန်သတိ ပေးပြီး ပြန်လွှတ်‌ပေးမည်ဖြစ်သော်လည်း ထွက်ပြေးမည်လုပ်သဖြင့် ပစ်သတ်လိုက်ရကြောင်း တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

“ကျနော်တို့က ပထမဆုံးအကြိမ် သတိပေးဖို့ ကောင်းကောင်းမွန်မွန်သွားခေါ်တယ်။ ကျ‌နော်တို့ ဆိုင်ကယ်နဲ့ပဲ သူ့ကိုပေးမောင်းတယ်။ နန်းကတိုးမှာ‌ ရောက်တော့ ရေမြောင်းထဲဆိုင်ကယ် မောင်းချပြီးထွက်ပြေးဖို့လုပ်တော့ ကျနော်တို့ ဘက်က ပစ်လိုက်တယ်”ဟု တော်လှန် တပ်ဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယင်းပစ်သတ်ခံရသူစာရင်းကိုင်သည် ကော့ကရိတ်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို ရယူနေသည့် လက်အောက်ငယ်သားအများအပြားမွေးထားသော သတင်းပေးဒလန်အကြီးစားဖြစ် ကြောင်းလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောဆိုသည်။ သို့သော် ညီညီနိုင်သည် စစ်ကောင်စီသတင်းပေးဟုတ်မဟုတ်ကိုမူ ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ကော့ကရိတ်မြို့နယ်ရှိ နှစ်ဖက်ရောနှောအုပ်ချုပ်သည့်ဧရိယာတွင် ကျေးရွာလူကြီးများကို ရွာသူရွာသား များ၏ သဘောဆန္ဒဖြင့် ‌ရွေးချယ်တင်မြှောက်ကြပြီး ကျေးရွာအုပ်စုစာရင်းကိုင်ကိုမူ စစ်ကောင်စီ၏ ထွေထွေအုပ်ချုပ်ရေးရုံးက တိုက်ရိုက်ခန့်အပ်ကြောင်း သိရသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် စစ်ကောင်စီ အသိအမှတ်ပြုသည့် အုပ်ချုပ်ရေးမှူးတာဝန်မှ အသီးသီးနုတ်ထွက်ကြပြီး ပူးပေါင်းဆောင်ရွက် မှုမရှိတော့ ကြောင်းလည်း ဒေသခံများထံမှ သိရသည်။