Home သတင်း မြဝတီတွင် ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွား၊ ဒဏ်ရာရရှိသူ(၂)ဦးအနက် (၁) ဦး စိုးရိမ်ရ‌

မြဝတီတွင် ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွား၊ ဒဏ်ရာရရှိသူ(၂)ဦးအနက် (၁) ဦး စိုးရိမ်ရ‌

13
Photo: CJ

အောက်တိုဘာ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အာရှလမ်းမကြီးဘေး 1G1 မိုတယ် အရှေ့တွင် ယမန်နေ့၊ အောက်တိုဘာ(၄)ရက်၊ ည (၁၁) နာရီဝန်းကျင်က မော်တော်ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ ထိခိုက်သူ(၂)ဦးရှိသည့်အနက် (၁)ဦး ဒဏ်ရာပြင်းထန်၍ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း မြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားရသည့်အကြောင်းအရင်းမှာ မူးယစ်သေစာ သောက်စားပြီး ယာဥ်မောင်းနှင်မှုနှင့် ဆက်စပ်နေသလို ယာဥ်ပေါ်ပါ ဒဏ်ရာရရှိသူ(၂)ဦးလုံးကိုလည်း ဖြစ်စဥ်ဖြစ်ပွားပြီးနောက် မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက်ရသည်ဟု ကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။

“ထိခိုက်ဒဏ်ရာရတာ နှစ်ယောက်ပါ။ တစ်ယောက်ကတော့ လုံးဝ အခြေအနေမကောင်းဘူး၊ စိုးရိမ်ရတယ်။ နှစ်ယောက်စလုံးကို မြဝတီပြည်သူ့ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်” ဟု မြဝတီမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါယာဥ်တိုက်မှုအတွင်း ကရင်လက်နက်ကိုင်အဖွဲ့ဝင်အချို့ ပါဝင်ပတ်သက်နေပြီး ဒဏ်ရာရရှိသွားသူများမှာ ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) တပ်ဖွဲ့ဝင်များဖြစ်ကြောင်းလည်း မြဝတီဆေးရုံ၏လူနာမှတ်တမ်းအရ နီးစပ်သူထံမှသိရသည်။

Photo: CJ

KNA တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရမှုနှင့် ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် BGF နှင့် KNA ထံ ဆက်သွယ်အတည်ပြုနိုင်ရေး ကြိုးပမ်းနေဆဲဖြစ်သည်။
မြဝတီမြို့ခံများကမူ လက်ရှိမြို့ပေါ်၌ စစ်အုပ်စု၏ စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးမှုများကြောင့် ညပိုင်းအချိန် သာမန်ပြည်သူများ သွားလာခြင်းမရှိဘဲ လက်နက်ကိုင်အဖွဲ့ဝင်များနှင့် ပါဝင်ပတ်သက်သူများသာ သွားလာလှုပ်ရှားလေ့ရှိသည်ဟု ဆိုသည်။

အမည်မဖော်လိုသူ မြို့ခံတစ်ဦးက “ကျနော်တို့ဆီမှာ အခုဆိုရင် ည ၇ နာရီ၊ ၈ နာရီဆိုရင်ပဲ လူတွေ သိပ်မရှိတော့ဘူး။ နာမည်ရှိတဲ့ အဖွဲ့အစည်းတွေပဲ သွားကြတာ။ အဖွဲ့အစည်း မဟုတ်တဲ့သူတွေဆိုရင် မသွားရဲကြတော့ဘူးလေ။ အခုဖြစ်တဲ့ဥစ္စာ(ယာဥ်တိုက်မှု)ကတော့ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့သူ မဟုတ်ရင် အဖွဲ့အစည်းထဲကသူတွေပဲ ဖြစ်မယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင်လည်း မြဝတီမြို့ပေါ်တွင် တရုတ်နိုင်ငံသားတစ်ဦး မောင်းနှင်သည့် မော်တော်ယာဉ်မှ ယာဉ် ၃ စီးကို ဆင့်တိုက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းရှိသည်။

ထိုစဉ်က ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားသည် အမှုဖြစ်စဥ်မှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းခဲ့ခြင်းနှင့် BGF ဘက်က ၎င်းကိုအကာအကွယ်ပေးရန် လုပ်ဆောင်ခဲ့ခြင်းကြောင့် မြို့ခံများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။