Home သတင်း ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းဆရာ၊ ဆရာမများကို ဂုဏ်ပြုခြင်းအားဖြင့် မဲဆောက်တွင် ကမ္ဘာ့ဆရာများနေ့ ကျင်းပခဲ့

ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းဆရာ၊ ဆရာမများကို ဂုဏ်ပြုခြင်းအားဖြင့် မဲဆောက်တွင် ကမ္ဘာ့ဆရာများနေ့ ကျင်းပခဲ့

13

အောက်တိုဘာ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းပညာရေး ကျောင်းဆရာ၊ ဆရာများအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းဆရာ၊ ဆရာမများကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့၊ အောက်တိုဘာလ (၅)ရက်နေ့ ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ Queen Palace ဟိုတယ်၌ ရွှေ့ပြောင်းဒေသဆရာ၊ ဆရာမများအစည်းအရုံး- BMTA ဦးဆောင်ပြီး အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေ့ပြောင်း ဆရာ၊ဆရာများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ရန် ဖွဲ့စည်းထားခဲ့သည့် Burmese Migrant Teachers’ Association (BMTA) ဦးဆောင်သော ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ဆရာ၊ ဆရာမများအား အသိမှတ်ပြု ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ထိုနေ့သည် BMTA တည်ထောင်ခြင်း (၂၁) နှစ်ပြည့်လည်းဖြစ်၍ အစည်းအရုံး၏လုပ်ငန်းဆောင်ရွက်ချက်၊ နယ်စပ်ဒေသ ရွှေ့ပြောင်းကျောင်းနှင့် ထိုင်းပညာရေးဌာန ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုလည်း အခမ်းအနားတွင် ရှင်းလင်းပြောဆိုကြခြင်းရှိသည်ဟု ဦးဆောင်သူများက ဆိုသည်။

“ဒီနေ့က BMTA ရဲ့ (၂၁)နှစ်ပြည့်လည်းဖြစ်သလို ပိုပြီးတော့ခိုင်မာတဲ့ အတွေးအမြင်တွေနဲ့ ရှေ့ဆက်ပြီးတော့ ဒီမှာရောက်နေတဲ့ ရွှေ့ပြောင်းတွေအားလုံးအတွက် ပညာရေးအခွင့်အလမ်းတွေ ပိုမိုရရှိနိုင်ဖို့ ကြိုးစားလုပ်ဆောင်ပေးနိုင်တဲ့ မျိုးဆက်သစ်များများ ပေါ်ထွက်လာစေချင်တယ်” ဟု BMTA ၏ အကြံပေးပုဂ္ဂိုလ် မန်းရွှေနှင်းက ပြောသည်။

ထို့အပြင် အခမ်းအနားတွင် ဝါရင့် ရွှေ့ပြောင်းကျောင်း ဆရာ၊ ဆရာမများကို ဂုဏ်ပြုသည့်အစီအစဉ်အပါအဝင် လက်ရှိ ထိုင်းပညာရေးဌာနနှင့် ပူးပေါင်းချိတ်ဆက်သည့် မူဝါဒအခြေအနေများကိုလည်း တာဝန်ရှိသူများက ရှင်းလင်းပြောဆိုခဲ့သည်။

အခမ်းအနားသို့ မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်က အဖွင့်မိန့်ခွန်းတက်ရောက်ပြောကြားခဲ့သည်။ ထို့အတူ Migrant Education Coordination Center-MECC၊ ထိုင်းပညာရေးဌာနအောက်ရှိ အခြေခံပညာရေးနှင့် ကျောင်းပြင်ပ ပညာရေးမြှင့်တင်ရေးဌာန၊ စက်မှုနည်းပညာကော်လိပ်၊ Help Without Frontiers ၊ Suwanamit ဖောင်ဒေးရှင်း တို့မှ တာဝန်ရှိသူများအပြင် ရွှေ့ပြောင်း ကျောင်းဆရာ၊ ဆရာမများလည်း တက်ရောက်ပါဝင်ကြကြောင်း သိရသည်။