Home သတင်း လဝက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး၊ ၂၉ ဦး ဒဏ်ရာရကြောင်း KNU တပ်မဟာ ၅ ထုတ်ပြန်

လဝက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး၊ ၂၉ ဦး ဒဏ်ရာရကြောင်း KNU တပ်မဟာ ၅ ထုတ်ပြန်

381
Photo: KNU

အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ်မြေတွင် ယခုလ အောက်တိုဘာ ၁၅ ရက် အ တွင်း တိုက်ပွဲပေါင်း ၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးသေဆုံးကာ ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့တွင် သတင်းထုတ် ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်များနှင့် စစ်ကောင်စီတပ်များအကြား နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သလို KNLA တပ်ဘက်တွင်လည်း ၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဘူးသိုမြို့နယ်၊ ဖာပွန်မြို့ ပါဟိုက်နှင့် မယ်ခူး ကျေးရွာထဲသို့ ၁၂၂ မမ နှင့်၁၂၀ မမ တာဝေးပစ်အမြှောက် ၁၀ လုံးခန့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အောက်တိုဘာလ ၅ ရက်နေ့တွင်လည်း လူသောမြို့နယ် ဘောလေးဒဲကျေးရွာအတွင်းသို့ ကလယ်စတာဗုံး(Cluster Bomb) နှစ်လုံး လာရောက်ကြဲချခဲ့သေးကြောင်း KNU က ပြောသည်။

ထိုသို့ ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေရှိ ကျေးရွာများတွင် KNLA တပ်များနှင့် စစ်ကောင်စီတပ်များအကြား နှစ်ဖက်တိုက်ပွဲများကြောင့် နီးစပ်သည့် ကျေးရွာများရှိ ဒေသခံများသည် တောင်ယာခင်းများထဲသို့ မသွားရဲတော့ပဲ အသက် ဘေးလွတ်ရာကိုသာ ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု ဖာပွန်ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ရက်တွေကတော့ လက်နက်ငယ်သံတွေကြားရတယ်။ လက်နက်ငယ်သံ ကတော့နေ့တိုင်းပါပဲ ကြား နေရတယ်။ မနက်ဆို ယာခင်းထဲသွားမို့က တော်ရုံတန်ရုံ မသွားရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အချိန် ကိုယ့် ရှေ့မှာ ကျည်လာကျမလဲမသိရဘူးလေ။ အသံနည်းနည်းနီးလာရင် ပြောင်းခင်းတွေထဲမှာပုန်းပေါ့။ ဒီလိုပဲ ပြေးလိုက် နေလိုက်ရှာလိုက်ပဲပေါ့” ဟု ကေအိုင်စီ သို့ ပြောသည်။

KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းမှ တပ်မိသားစုဝင်များအနေဖြင့် ကုန်းလမ်းရေ လမ်းရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရသောကြောင့် ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့နေရကြောင်း တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူထံမှ သိရသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေရှိ လမ်းပိုင်းတစ်လျှောက်တွင် နယ်ခြားစောင့်တပ်(BGF)တပ်နှင့် စစ်ကောင်စီ တပ်များက မြေမြှပ်မိုင်းများထောင်ထားလျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့်လည်း ကုန်းလမ်းရေလမ်းစသည့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေလျက်ရှိကြောင်း ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။

ယခုလတွင် ကေအဲန်ယူတပ်မဟာ (၅) နယ်မြေအတွင်း ယခင်လများထက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုလျော့နည်း လာပြီး ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေဘက်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်များအရ တွေ့ရသည်။