အောက်တိုဘာလ ၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ကော့ကူးကျေးရွာတွင် လူနေအိမ်များအနီးအနားဝန်းကျင်တွင် အာဏာသိမ်း စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် လာရောက်ဆောက်လုပ်မည့်အစီအစဉ်အပေါ် ဒေသခံရွာသားများလက်မခံနိုင်ဘဲ ကန့်ကွက်နေကြသည်ဟု သိရသည်။
Mytel ဖုန်းတာဝါတိုင် လူနေအိမ်များအနီး လာရောက်ဆောက်လုပ်ရန် စီစဉ်နေခြင်းကို ဒေသခံရွာသားများ ကန့်ကွက်မှုလုပ်ဆောင်သော်လည်း ကုမ္ပဏီဘက်က တာဝါတိုင်ဆောက်လုပ်မှုကို အကောင်အထည်ဖော် ဆောင်ရန် ဆက်လက်စီစဉ်နေဆဲဖြစ်သည်ဟု ဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ဒေသခံရွာသားတစ်ဦးက “တာဝါတိုင်လာဆောက်မှာက လူနေအိမ်နဲ့နီးနီးပဲဆိုတော့ အနီးနားမှာနေတဲ့ လူတွေ ကလည်း အဆင်မပြေဘူး ကန့်ကွက်တယ်။ တစ်ရွာလုံးကလူတွေက ကန့်ကွက်တော့ အုပ်ချုပ်ရေးမှူးက မြေလွတ် နောက်တစ်နေရာမှာ ထပ်ရှာပေးတယ်။ အဲဒီမြေလွတ်ကလည်း ပိုင်ရှင်ရှိတယ်။ ရွာထဲမှာပဲဆိုတော့ ပိုင်ရှင်က လက်မခံတော့ လက်မှတ်မထိုးပေးဘူးလေ။ ရွာအပြင်မှာ သွားထောင်ခိုင်းတာ သူတို့က မရွေးဘူး။ လူနေအိမ်ကြား မှာပဲရွေးတယ်။ ဟိုတစ်နေ့က ဝန်ထမ်းတွေ တစ်ခါလာသေးတယ်။ ရွာမှာရှိတဲ့လူတွေကတော့ ကန့်ကွက်တယ်လို့ပဲ ပြန်ပြောတယ်”ဟု ပြောသည်။
ကျေးရွာအတွင်း လူနေအိမ်ကြားထဲ ဖုန်းတာဝါတိုင် ဆောက်လုပ်မည့်ကိစ္စပတ်သက်၍ ဒေသခံ၏ ခွင့်ပြုချက်ကို ဦးစွာတောင်းခံခြင်းမရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်လာခြင်းဖြစ်သည့်အတွက် လက်မခံနိုင်ကြောင်း ၎င်းဒေသခံရွာသားက ဆက်ပြောသည်။
ကျေးရွာလူနေအိမ်အနားဝန်းကျင်တွင် ဖုန်းတာဝါတိုင် ဆောက်လုပ်မည့်အစီအစဉ်ကို လက်မခံသည့်အတွက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကျေးရွာရပ်မိရပ်ဖ၊ ရဟန်းသံဃာတော်များ၊ ကျေးရွာလူငယ်များ စုပေါင်းကန့်ကွက်လက်မှတ်ထိုးပြီး ဖားအံမြို့ရှိ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံ ကန့်ကွက်စာတင်ခဲ့သေးသည်ဟု ဒေသခံရွာသားက ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတုန်းကလည်း ထိုကော့ကူးကျေးရွာနှင့်နီးသည့် ပေါ့ထော်ကျေးရွာရှိ စစ် ကောင်စီပိုင် Mytel ဖုန်းတာဝါတိုင်တစ်ခုကိုလည်း မီးရှို့ဖျက်ဆီးခံရသည့်အတွက် ဒေသခံလူငယ်အချို့ ဖမ်းဆီးထောင်ချခံရမှုများ ရှိခဲ့သေးသည်။
ကရင်ပြည်နယ် ဖားအံမြို့နယ်အပြင် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်စသည့် မြို့နယ်တို့တွင်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က အာဏာသိမ်း စစ်ကောင်စီပိုင် Mytel ဖုန်းတာဝါတိုင်များကို စစ်အာဏာရှင် ပြုတ်ကျရေး တော်လှန် နေကြသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။



















