အောက်တိုဘာ ၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသရှိ ကျေးရွာများတွင် ဝဥဈေးသည် ယခင်နှစ်ထက် သိသိသာသာ ကျဆင်းလာကြောင်း ဝဥလုပ်ငန်းလုပ်ကိုင်သူများ ထံမှသိရသည်။
ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် ဝဥကို ပြီးခဲ့သည့် စက်တင်ဘာလမှစတင်တူးဖော် ရောင်းချ နေကြပြီး ယခင်နှစ်ဈေးထက် သိသိသာသာ ကျဆင်းလာသောကြောင့် ဒေသခံများအနေဖြင့် ဝဥများကို အလျင် စလို တူးဖော်ရောင်းချမှုများ ပြုလုပ်နေရကြောင်း ဝဥလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
၎င်းက “ဒီနှစ် ဝဥလုပ်တာ အရင်နှစ်စျေးနဲ့ တော်တော်ကွာတယ်။ စျေးတွေကကျမှကျဖြစ်နေတယ်ဆိုတော့ မကိုက် တော့ဘူးလေ။ အဲ့ဒါကြောင့် ကျနော် ဝဥတွေကိုမြန်မြန်ယူလာလိုက် ရောင်းလိုက်တာ။ မနက်ဖြန်ကျရင်လည်း ထပ်ကျမှာဆိုတော့လေ။ အဲ့မှာက တစ်ပိဿာကို ရှစ်ရာနဲ့ပဲရောင်းရတယ်။ အဲ့လို ဈေးတွေကျတော့ ဝဥလုပ်တဲ့ သူ တွေက ဒီထက်ကိုဈေးပိုပြီး ကျမှာစိုးလို့ ရတဲ့ဈေးနဲ့ အရှုံးခံပြီးရောင်းနေတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။
ဝဥများကို ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးကာ စက်တင်ဘာလအတွင်း တူးဖော်ရောင်းချကြပြီး ပြီးခဲ့သည့် နှစ်က ဝဥ တစ်ပိဿာလျှင် (၁,၅၀၀) ကျပ်မှ (၂,၀၀၀) ကျပ်ဝန်းကျင်အထိ ဈေးကောင်းရရှိခဲ့သော်လည်း ယခုနှစ်အတွင်း နိုင်ငံရေး မတည်ငြိမ်သည့် အခြေအနေများ မြို့တွင်းတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီကြား မကြာခဏ ထိတွေ့တိုက်ပွဲများကြောင့် ဝဥဈေးသည် တစ်ပိဿာလျှင် (၈၀၀) ကျပ်မှ (၉၀၀) ကျပ်အထိသာ ဈေးရှိတော့ ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။
ထို့အပြင် ဝဥလုပ်ကိုင်သူများအနေဖြင့် ဝဥများကို မြဝတီကုန်သွယ်ရေးဇုန်တွင်သာ အဓိက တင်သွင်းရောင်းချ နေကြရပြီး ပြီးခဲ့သည့် မတ်လ၂၅ရက်နေ့တွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီအကြား ထိတွေ့ မှုဖြစ် ပေါ်ခဲ့သောကြောင့် ဝဥဝယ်ယူသူများအနေဖြင့် ယခင်ကလို ဝယ်ယူမရဲတော့ကြောင်း ဝဥဝယ်ယူသူ တစ်ဦးက ပြောသည်။
၎င်းက “မတ်လ ၂၅ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့က မြဝတီမြို့နယ်ကုန်သွယ်ရေးဇုန်ထဲမှာ ဝင်ပြီးတော့ မီးရှို့ တော့ ဝဥတွေပါသွားတယ်။ အဲ့ဒါကြောင့် နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူး။ ဝဥဝယ်တဲ့သူတွေက စိတ်ပူတယ်။ အရင်တစ်ခေါက်လို မီးရှို့ခံရမှာကြောက်တယ်။ ဝဥဈေးကတအားကျတယ်။ အရင်လို မဝယ်ရဲကြ တော့ဘူး ဝဥကို။” ဟု ကေအိုင်စီ သို့ပြောသည်။
ကော့ကရိတ်မြို့နယ်တောင်ပိုင်းဒေသဘက်တွင် လယ်ယာလုပ်ငန်းအပြင် မိသားစုစားဝတ်နေရေးအတွက် ကွမ်းသီး၊ မြေပဲ၊ နှမ်း နှင့် ဝဥ စသည့် လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်လျက်ရှိသည်။
ကော့ကရိတ်မြို့နယ်အပြင် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ အရှေ့တောနယ်ဒေသဘက်တွင်လည်း ယခင်နှစ်က ဝဥ တစ်ပိဿလျှင် ၁၈၀၀ ကျပ်ဝန်းကျင်ထိ ပေါက်ဈေးရှိခဲ့သော်လည်း စစ်တပ်၏ မတရား လမ်းကြေးကောက်ခံမှုများကြောင့် ဝဥဝယ်ယူသူများ နည်းပါးလာပြီး ယခုနှစ်အတွင်း ဝဥတစ်ပိဿာလျှင် (၆၅၀) ကျပ်သာရှိတော့ကြောင်း ၎င်းဒေသအတွင်း ဝဥလုပ်ကိုင်နေသူများက ပြောသည်။



















