Home သတင်း ခလယ်ရွာ လူနေအိမ်များနှင့် ဆိုင်ခန်းရှိပစ္စည်းများ ဖောက်ထွင်းယူဆောင်သွားသည့်အပြင် ရွာသားများပါ စစ်ကောင်စီ ဖမ်းဆီးရိုက်နှက်လုပ်ဆောင်နေ

ခလယ်ရွာ လူနေအိမ်များနှင့် ဆိုင်ခန်းရှိပစ္စည်းများ ဖောက်ထွင်းယူဆောင်သွားသည့်အပြင် ရွာသားများပါ စစ်ကောင်စီ ဖမ်းဆီးရိုက်နှက်လုပ်ဆောင်နေ

1039
Photo: CJ

စက်တင်ဘာ ၂၁ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) ဝင်းရော်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် စက်တင်ဘာ ၁၈ ရက်နေ့က ခလယ်ရွာမကြီးတွင် ဝင်ရောက်တပ်စွဲလိုက်ပြီးနောက် စစ်ရှောင်ပြည်သူနေအိမ်များရှိ တန်ဖိုးရှိ ပစ္စည်းများနှင့် ကုန်စုံဆိုင်များ ဖောက်ထွင်းဖျက်ဆီးပြီး ကုန်ပစ္စည်းများယူဆောင်နေလျက်ရှိသည့်အပြင် ရွာသားများပါ ဖမ်းဆီးရိုက်နှက်မှုများလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းအရင်းမြစ်ထံမှ သိရသည်။

အိမ်ခြေစုစုပေါင်း ၁ဝဝဝ ကျော်မှ လူဦးရေ ၅ဝဝဝ ထောင်ကျော် နေထိုင်သည့် ခလယ်ရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့တွင် ကျေးရွာအတွင်း တိုက်လေယာဉ်နှင့် လက်နက်ကြီးများပါ ပစ်ခတ်တိုက်ခိုက်သည့်အတွက် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရပြီး ကျေးရွာရှိ စစ်ရှောင်လူနေအိမ်များကိုလည်း စစ်ကောင်စီက တစ်အိမ်တက်တစ်အိမ်ဆင်းလုပ်ကာ တန်ဖိုးရှိပစ္စည်းများအား ကားများဖြင့် လာရောက်သယ်ယူ နေလျက်ရှိသည်ဟု ဝင်းရော်ဒေသခံများက ပြောသည်။

“ ရွာမှာကျန်နေတဲ့ မီးစက်တွေ၊ ဆိုင်ကယ်တွေ အကုန်ယူမောင်းနေတယ်။ သူများအိမ်ပေါ်မှာလည်း တပ်စွဲနေကြတယ်။ အိမ်တွေအကုန် လိုက်မွှေထားတယ်။ ပိုက်ဆံတွေ ရွှေတွေပါယူသွားတယ်။ ကုန်စုံဆိုင်က ပစ္စည်းတွေ သော့ဖျက်ဝင်ပြီး ကားနဲ့နေ့စဉ်သယ်ယူနေတယ်။ ဝက်စာပြန်ကျွေးတဲ့ ရွာသားတွေ မေးမြန်းရိုက်နှက်ခံရတယ်” ဟု ဒေသခံ စစ်ရှောင်တစ်ဦးက ပြောသည်။

ကျေးရွာအတွင်း နေ့စဉ်လက်နက်ကြီးများ လှမ်းပစ်ခတ်ခဲ့သည့်အတွက် စစ်ရှောင်လူနေအိမ် ၁ဝဝ ခန့် ထိမှန်ပျက်စီးပြီး မွေးမြူရေးလုပ်ငန်းများ၊ ကုန်စုံဆိုင်များ၊ အဝတ်အထည်ဆိုင်များနှင့် အခြား စီးပွား ရေးလုပ်ငန်း အများအပြား ချန်ထားခဲ့ကြရသည့်အပြင် လယ်ယာလုပ်ငန်းများပါ စွန့်ပစ်ထားရ သည့်အတွက် ဌာနေလူထုများ စားဝတ်နေရေး အတိဒုက္ခရောက်နေကြရသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

နေအိမ်ဖောက်ထွင်းခံရသူ စစ်ရှောင်အမျိုးသမီးတစ်ဦးက “ ရွာထဲကိုလေယာဉ်နဲ့ရုတ်တရက်လာပစ်တော့ ပိုက်ဆံတွေ ရွှေတွေပြန်ယူလို့ မခင်လိုက်ဘူး။ အခုအိမ်သော့တွေ ပျက်စီးထားပြီး အကုန်ယူသွားတယ်။ ကျွဲ၊ နွား၊ ဝက်မွေးမြူထားသူတွေ ဒီအတိုင်းပဲ ချန်ထားရတယ်။ ရွာထဲပြန် ဝင်ရင်လည်း ကိုယ့်အိမ် တွေပေါ်မှာ သူတို့နေတယ်။ လိုချင်တာယူပြီးရင် သွားတော့ဆိုပြီး သူတို့က မောင်းထုတ်တယ်။ ယောက်ျားတွေဆို သူတို့မေးမြန်းရိုက်နှက်တယ်” ဟု စက်တင်ဘာ ၂ဝ ရက်နေ့ ပြောသည်။

စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်း -ခလရ ၂ တပ်ရင်းများနှင့် BGF နယ်ခြားစောင့်တပ် အမှတ် ၁၀၂၁ တပ်ရင်း တို့သည် KNU ဝင်းရေးမြို့နယ် အုပ်ချုပ်မှုနယ်မြေဖြစ်သည့် လှကဇိုင်း၊ တော့ပလော့၊ ဘုရားငါးဆူ၊ ခလယ်ရွာလေး၊ မြို့ဟောင်း၊ ခလယ်ရွာကြီးနှင့် တံခွန်တိုင်ရွာတွင်းအထိ တပ်စွဲနေရာယူထားလျက်ရှိသည့်အတွက် ရွာသားများယနေ့ထိတိုင် နေအိမ်မပြန်ရဲကြသေးပေ။

ထို့အပြင် ဘုရားငါးဆူရွာ စာသင်ကျောင်းအနီးတွင်လည်း လက်နက်ကြီးအမြောက်များ လာရောက်တပ်ဆင်ချထားပြီး ဝင်းရော်ဒေသကျေးရွာများသို့ ချိန်ရွယ်ထားသည့်အတွက် စစ်ရှောင်လူထု တစ်သောင်းကျော် နေ့စဉ်ရွှေ့ပြောင်းတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။