Home သတင်း စကစ ငြိမ်းချမ်းရေးကြိုးပမ်းမှုအကြောင်း ကရင်လူထုများအား မန်းငြိမ်းမောင် လာရောက်ရှင်းပြခဲ့

စကစ ငြိမ်းချမ်းရေးကြိုးပမ်းမှုအကြောင်း ကရင်လူထုများအား မန်းငြိမ်းမောင် လာရောက်ရှင်းပြခဲ့

1175
Photo: MRTV NEWS

စက်တင်ဘာ ၁၁ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမ၌ စက်တင်ဘာလ ၉ ရက်နေ့က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲအခမ်းအနား တွင် စစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မန်းငြိမ်းမောင်က ၎င်းတို့ စစ်ကောင်စီ ငြိမ်းချမ်းရေး ကြိုးပမ်းပေး နေမှုအခြေအနေများကို ဒေသခံလူထုများအား လာရောက်ချပြရှင်းလင်းသွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉) ရပ်နှင့် ငြိမ်းချမ်းရေးတည်ဆောက်ပေးနေမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များအပြင် စစ်ကောင်စီ၏ သဘာထားများပါ လူထုတွေ့ဆုံပွဲ တက်ရောက်လာကြသည့် ကရင်လူထုများနှင့် မြို့မိမြို့ဖများကို မန်းငြိမ်းမောင်က ရှင်းလင်းပြောကြားသွားခဲ့သည်ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ပါတီနိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“နစကအစိုးရရဲ့သဘောထားတွေ လာပြီးရှင်းပြသွားတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှု ကြီးကြီးကျယ်ကျယ် ဖြစ်တယ်ဆိုတာ သူရှင်းပြတယ်ပေါ့လေ။ ဒုတိယအပိုင်းမှာတော့ NCA နဲ့ပတ်သက်တဲ့ဟာလာပြောတယ်။ အရင်ပြောနေကြအတိုင်းပါပဲ။ သိပ်ထူးတာမတွေ့ရဘူး”ဟု ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် ကေအိုင်စီ သို့ပြောသည်။

၎င်းတွေ့ဆုံပွဲသို့ တက်ရောက်လာသူများက ငြိမ်းချမ်းရေးဆိုင်ရာကိစ္စ၊ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး အကြောင်းအရာများနှင့် တိုင်းရင်းသားစာပေ သင်ကြားမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး အကြောင်း အရာများကို တင်ပြဆွေးနွေးခဲ့ကြပြီး မန်းငြိမ်းမောင်က တောင်သူများအတွက် မြေဩဇာအချို့ကို ထောက်ပံ့ ပေးသွားခဲ့သည်ဟု မြို့ခံလူထုများက ပြောသည်။

Photo: MRTV NEWS

စစ်ကောင်စီခန့် မန်းငြိမ်းမောင်နှင့်အဖွဲ့ဝင်များသည် လေကြောင်းခရီးစဉ်ဖြင့် မော်လမြို့တွင် ဆင်းသက်ပြီး မွန်ပြည်နယ်စစ်ကောင်စီအဖွဲ့နှင့် ကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်တို့ထံလာရောက်တွေ့ဆုံပြီးနောက် တရုတ်လှ၊ ထောင်ဝိ၊ ရဲသာ၊ ဘားကပ်၊ မြိုင်ကလေး၊ ကော့ထမလိန်၊ ကော့လှိုက်၊ ရသေ့ပျံ၊ တော်ပုံကျေးရွာ အသီးသီးရှိ တောင်သူများအား မြေဩဇာအိတ် ၁ဝဝ နှင့် သဘာဝမြေဩဇာအိတ် ၁ဝဝ လာရောက်ပေးအပ်သွားခဲ့ ကြောင်း တောင်သူများထံမှ သိရသည်။

မန်းငြိမ်းမောင်သည် ၂ဝ၂ဝ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်ကျင်းပသည့် KNU ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးတွင် ၎င်းအနေဖြင့် အစည်းအရုံးမှ နုတ်ထွက်ခဲ့ပြီး ကရင်ပြည်သူ့ပါတီ -KPP သို့ ဝင်ရောက်၍ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အထွေအထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ မဲရှုံးနိမ့်ခဲ့သည်။

ထို့နောက် KNU တပ်မဟာ ၆ ထံသို့ ပြန်လည်တာဝန်ထမ်းဆောင်ရန် တင်ပြခဲ့ရာတွင် KNU ဥပဒေအရ အဖွဲ့မှ နုတ်ထွက်ထားသူအနေဖြင့် ၃ နှစ်ပြည့်မှသာ ပြန်လည်ဝင်ရောက်နိုင်သည့်အတွက် ၎င်းအနေဖြင့် စစ်ကောင်စီ၏ ကမ်းလှမ်းမှုဘက်တွင် ပါဝင်ပူးပေါင်းသွားခြင်းဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူများက ပြောဆိုသည်။