စက်တင်ဘာ ၉ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
အနာဂတ်ဖက်ဒရယ်ရဲတပ်ဖွဲ့ ဖွဲ့စည်းတည်ဆောက်ရာတွင် အဆင်သင့်ဖြစ်ရန် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)ကိုပြင်ဆင်လေ့ကျင့် လုပ်ဆောင်သွား မည်ဟု ယနေ့ စက်တင်ဘာလ (၉)ရက်နေ့တွင် ကျရောက်သည့် (၃၂)နှစ်မြောက် KNPF နေ့တွင် ကေအဲန်ယူ-ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်းက ပြောကြားခဲ့သည်။
ကေအဲန်ယူ၏ (၁၇)ကြိမ်မြောက်ကွန်ဂရက်တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဥ်အရ ကရင် အမျိုးသားရဲတပ်ဖွဲ့ကို အနာဂတ်တွင်တည်ဆောက်သွားမည့် အနာဂတ်ဖက်ဒရယ် ရဲတပ်ဖွဲ့မှာ ကရင်ပြည်သူများအတွက် စံပြဖြစ်သည့် ကရင်အမျိုးသားရဲတပ်ဖွဲ့ဖြင့်လည်းကောင်း၊ ဖက်ဒရယ် အဆင့်ရှိသည့် ရဲတပ်ဖွဲ့အဖြစ်အရောက်လှမ်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ရမည့် အတတ်ပညာ အသိ ပညာများ ကို တိုးချဲ့သင်ကြားလေ့ကျင့်မှုများ လုပ်ဆောင်ရမည်ဟု ပဒိုစောလှထွန်းက အခမ်းအနားတွင်း ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက“ ပြည်ထဲရေးနဲ့ သာသနာရေးဋ္ဌာနရဲ့အောက် လုပ်ငန်းစဉ်အောက်မှာ ကရင့်အမျိုးသားရဲတပ်ဖွဲ့တွေ ကို ခေတ်မီပညာရပ်တွေ သင်ကြားနိုင်ဖို့ ခေတ်မီရဲတပ်ဖွဲ့တွေဖြစ်ပေါ်လာဖို့အတွက် ရှေ့လုပ်ငန်းစဥ် တွေချမှတ်တာဖြစ်တဲ့အတွက် လုပ်ငန်းစဉ်အောက်ကနေ အဆင့်ဆင့်သော ကရင့်အမျိုး သားရဲတပ်ဖွဲ့ တွေရဲ့ ပိုမိုအားကောင်းလာဖို့နဲ့ ပိုမိုစွမ်းရည်ပြည့်လာဖို့အတွက် တချိန်မှာ ဖွဲ့စည်းလာမဲ့ ဖက်ဒရယ် ရဲတပ်ဖွဲ့ရဲ့ အဖွဲ့ဝင် အနေနဲ့သော်လည်းကောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ ရှိရမယ့် အတွေ့အကြုံ အောက်မှာသော်လည်းကောင်း ကျနော်တို့ ကြိုးစားပြီးတော့ တာဝန်ယူ တည်ဆောက်သွား ရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ကရင့်အမျိုးသားရဲတပ်ဖွဲ့အနေဖြင့်မိမိတို့ဒေသတွင် တည်ငြိမ်အေးချမ်းရေးအတွက် အဓိက အရေးကြီးသည့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး လုံးဝပပျောက်သွားစေရေးတို့အတွက် ကရင် အမျိုးသားရဲတပ်ဖွဲ့အနေဖြင့် အစွမ်းကုန်ကြိုးစားကြရန် လိုအပ်ကြောင်းလည်း အခမ်းအနားတွင် ဆက် လက်၍ တိုက်တွန်းပြောကြားသွားခဲ့သည်။

ကေအဲန်ယူ တပ်မဟာ (၇)ဋ္ဌာနချုပ်တွင် ပြုလုပ်သည့် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့အခမ်းနားသို့ ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်း၊ ကရင့်အမျိုးသားရဲတပ်ဖွဲ့-ဗဟိုမှ ရဲမှူးကြီး ဗိုလ်မှူးကြီး စောကြည်းနို၊ ဗဟိုအမြဲတမ်းကော်မဝတီဝင် ပဒိုစောသမိန်ထွန်းနှင့် ဗဟိုခေါင်းဆောင်အချို့ အပြင် ဖားအံခရိုင် ဥက္ကဋ္ဌပဒိုစောအောင်မော်အေး၊ ခရိုင်နှင့်မြို့နယ်တာဝန်ရှိ ရဲမှူးများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ ကော်သူးလေ အထက်တန်းကျောင်း ကျောင်းသူ၊ကျောင်းသားများနှင့် လူငယ်များအပါအဝင် စုစုပေါင်း လူဦးရေ (၅၀၀) ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြသည်။
အခမ်းနားသို့ တက်ရောက်လာသူ အမျိုးသမီးတစ်ဦးက “ရဲတပ်ဖွဲ့ရှိတာတောင်မှ ကျမတို့ ရပ်ရွာထဲမှာ မူးယစ်ဆေးဝါးလောင်းကစားတွေ အကျင့်စာရိတ္တတွေ ပျက်နေသေးတယ်။ တချို့ဆိုရင် မူးယစ်ဆေးဝါး ရောင်းတဲ့အတွက် နောက်မျိုး ဆက်သစ်ကလေးတွေရဲ့ အနာဂတ်အများကြီး ပျက်စီးသွားတာ ကိုတွေ့ ရတယ်။ အဲ့ဒါကြောင့် အခုလို ကရင့်အမျိုးသားရဲတပ်ဖွဲ့ရှိတာကောင်းတယ်။ သူတို့မရှိရင် ကျမတို့ လူမျိုးတွေရဲ့အနာဂတ် ဒီထက်မက ပျက်စီးသွားနိုင် တယ်”ကေအိုင်စီသို့ ပြောသည်။
ယနေ့ပြုလုပ်ကျင်းပသည့် အခမ်းအနားတွင် တက်ရောက်လာသောတာဝန်ရှိခေါင်းဆောင်အချို့မှ တိုက်တွန်းအား ပေးစကားအသီးသီး ပြောဆိုခဲ့ကြသလို ကေအဲန်ယူ-ဗဟိုမှပို့လာသော သဝဏ် လွှာဖတ်ကြားခြင်း၊ ကရင့်အမျိုးသားရဲတပ်ဖွဲ့ဖြစ်ပေါ်လာပုံအား ရှင်းပြပြောဆိုခြင်း နှင့် တေးသီချင်းများဖြေဖျော်ခြင်း စသည့်အစီအစဉ်များပါဝင်ခဲ့သည်။
ကော်သူးလေပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးပပျောက်ရေး၊ နယ်မြေအေးချမ်း သာယာရေးစသည့် တာဝန်(၃)ချက်ကို အကောင်အထည်ဖော်ရန် ကေအဲန်ယူအနေဖြင့် ၁၉၉၁ ခုနှစ်တွင် ကျင်းပသည့် ၎င်းတို့၏ (၁၀)ကြိမ်မြောက် ကွန်ဂရက်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။



















