ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
လက်ရှိတော်လှန်ရေးလုပ်နေသည့် ကရင်များသည် အမျိုးသားအစွန်းရောက်သူများသာဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီဗဟိုအဖွဲ့ဝင်ဖြစ်သူ မန်းငြိမ်း မောင်က ယနေ့ မြောင်းမြမြို့တွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသအဆင့် ကရင်ရိုးရာလက်ချည်ပွဲ အခမ်းအနားတွင် ထည့်သွင်းပြောဆိုသွားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းတွင် ပွင့်ပွင့်လင်းလင်း တွေ့ဆုံ ဆွေးနွေးပြောဆိုရန် အကြိမ်ကြိမ်ဖိတ်ခေါ်နေသော်လည်း တချို့သောကရင်များသည်အမျိုးသား အစွန်း ရောက်များ ဖြစ်နေကြပြီး နိုင်ငံတော်၏ သဘောထားကြီးမှုကို ယနေ့အချိန်ထိ နားမလည်သေးကြောင်း ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ ကရင်အမျိုးသားအချို့တွေက အစွန်းရောက်တွေပဲ။ ယနေ့အထိ ကျနော်တို့ နိုင်ငံ တော်စီ မံအုပ်ချုပ်ရေးကောင်စီအစိုးရက ငြိမ်းချမ်းရေးအထမြောက်ဖို့ ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်နေတာ တိုင်းရင်း သားတွေကို။ ခင်ဗျားတို့ ဘာဖြစ်ချင်လဲ၊ ခင်ဗျားတို့ ဘာတွေလိုချင်လဲ နိုင်ငံတော်က ပွင့်ပွင့် လင်းလင်း သိချင်တယ်။ သို့သော် တိုင်းပြည်ရဲ့ ပကတိအခြေအနေအဖြစ်နိုင်ဆုံးညှိနှိုင်းကြမယ်။ ဆွေးနွေးကြမယ် ဖိတ်ခေါ်ပေမဲ့ ဒီကနေ့အချိန်ထိ နိုင်ငံတော်ရဲ့ သဘောထားစေတနာကို နားမလည်နိုင်ကြဘူး ”ဟု ပြော ဆိုသွားခြင်း ဖြစ်သည်။
ထို့အပြင် တိုင်းပြည်၏ ပကတိအခြေအနေကို မျက်ကွယ်ပြုပြီး အမျိုးသားအစွန်းရောက်ဝါဒကို လက်ကိုင် ပြုထားသောကြောင့် ယနေ့အချိန်ထိတိုင်းပြည်တွင် ဆူပူမှုများ၊ သောင်းကျန်းမှုများ၊ မငြိမ်းချမ်းမှုများ ကြောင့် အပြစ်မဲ့ပြည်သူများ ဒုက္ခရောက်နေကြရကြောင်းလည်း ၎င်းက ဆက်လက် ထည့်သွင်းပြောဆိုသွားခဲ့သည်။

ယနေ့ ပြုလုပ်သည့် တိုင်းအဆင့် မြောင်းမြမြို့၏ ကရင်ရိုးရာလက်ချည်ပွဲအခမ်းအနားသို့ စစ်ကောင်စီ ဗဟိုအဖွဲ့ဝင် မန်းငြိမ်းမောင်အပြင် စစ်ကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်စောထွန်းအောင်မြင့်၊ စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် တင်မောင်ဝင်း၊ ကရင်တိုင်းရင်းသာရေးရာဝန်ကြီး စောလင်းခယ်၊ တိုင်း မှူးဝေလင်းဦးနှင့် ကရင်ပြည်သူ့ပါတီ-KPP ပါတီဝင် စောဒယ်နီရယ်၊ မြောင်းမြမြို့နယ် ကရင်စာ ပေယဉ်ကျေးမှုတာဝန်ရှိသူများနှင့်ဒေသခံများ ပါဝင်တက်ရောက်ခဲ့သည်။
မန်းငြိမ်းမောင်ကို ယခင်က တော်လှန်ရေးသမား၊ ထောင်ကျကျွန်းပြန်နှင့် ကရင့်တော်လှန်ရေးအတွက် ပေးဆပ်သူအဖြစ် ကရင်လူမျိုးများက ရှုမြင်ထားကြသော်လည်း ၎င်းကို အခွင့်ကောင်းယူပြီး ၎င်း ကိုယ် ကျိုးစီးပွားအတွက် ပြည်သူ့အကျိုးစီးပွားဖျက်ဆီးသည့်အာဏာသိမ်းစစ်တပ်နှင့်ပူးပေါင်းပြီး အာဏာ လုယူသည့်နေရာတွင် ပါဝင်ခဲ့သူ မန်းငြိမ်းမောင်၏ပြောဆိုမှုမှာ ကရင်တော်လှန်ရေးသမားများကို စော်ကားရာရောက်ကြောင်း ယနေ့ အခမ်းအနားကို ပါဝင်တက်ရောက်ခဲ့သူ အမည်မဖော်လိုသူ ကရင်လူငယ်တစ်ဦးက ပြောသည်။
၎င်းက “ကရင်တွေရဲ့အထွဋ်အမြတ်ထားလေးစားတန်ဖိုးထားတဲ့ ကရင်ရိုး ရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအ နားပွဲမှာ ကရင်လူထုရဲ့အကျိုးစီးပွား၊ ပြည်ထောင်စုရဲ့အကျိုးစီးပွားအတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ ကရင့်တော်လှန်ရေးခေါင်းဆောင် လူငယ်တွေကို အမျိုးသားရေးအစွန်းရောက်အကြမ်းဖက်သမားလို့ ပြောဆိုသုံးနှုန်းတာဟာ ကရင်လူထုတစ်ရပ်လုံးကို စော်ကားတာဖြစ်သလို ကရင့် တော်လှန်ရေးအတွက် အသက်သွေးချွေးပေးဆပ်ခဲ့တဲ့ သူမှန်သမျှကို စော်ကားလိုက်တယ်လို့ မြင်တယ် ”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတိုင်းပြည်အတွင်း ပြဌာန်းထာသည့် အခြေခံဥပဒေများတွင်လည်း တိုင်းရင်းသားလူမျိုးများ အနေ ဖြင့် အမျိုးဘာသာ၊ စာပေယဉ်ကျေးမှုအမွေအနှစ်များကို လွတ်လပ်စွာထိန်းသိမ်းခွင့် မြှင့်တင်ခွင့်၊ စောင့် ရှောက်ခွင့်ပေးထားကြောင်းနှင့် ၎င်းအခွင့်အရေးကို မှန်မှန်ကန်ကန်အသုံးချသွားရန်လိုကြောင်းလည်း မန်းငြိမ်းမောင်က အခမ်းအနားတွင် ထည့်သွင်းပြောဆိုသွားခဲ့သေးသည်။

မန်းငြိမ်းမောင်အနေဖြင့် လက်ရှိဧရာဝတီတိုင်းအတွင်းရှိ ကရင်လူထုများကို အသုံးချပြီး အာဏာရှင် တည်ဆောက်ရေးများတွင် ကရင်လူမျိုးများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များကို တဖြည်း ဖြည်းစည်းရုံးသိမ်းသွင်းပြီး အာဏာရှင်စနစ်သက်ဆိုးရှည်အောင်လုပ်ဆောင်နေကြောင်းလည်း ယနေ့အခမ်းအနားကို တက်ရောက်ခဲ့သူ ဖော်ပြပါ လူငယ်က ဖြည့်စွက်ပြောဆိုသည်။
မန်းငြိမ်းမောင်သည် ယခင်က ကေအဲန်ယူ-ကရင်အမျိုသားအစည်းအရုံး ဗဟို ကော်မတီ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ဖူးသလို အဖွဲ့အစည်းအတွင်း ပဋိပက္ခများကြောင့် အစည်းအရုံးမှ နုတ် ထွက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် KPP ပါတီမှ ဝင်ရောက် အရွေးခံခဲ့သော်လည်း မဲအနိုင်ရရှိခဲ့မှုမရှိသောကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်ပူးပေါင်းခဲ့ကာ စစ်ကောင်စီ၏ ဗဟိုအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။
ထို့အပြင် မန်းငြိမ်းမောင်က ၎င်း၏သားနှင့်သမီးနှစ်ဦးကို မိဘ၏ဆိုဆုံးမမှုကိုမနာခံဘဲ စိတ်ဆင်းရဲအောင် အကြိမ်ကြိမ်လုပ်သည်ဟုဆိုကာ ၎င်းတို့ကို စွန့်လွှတ်လိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်သည့် သတင်း စာထဲတွင် ယခုနှစ်ဧပြီလအတွင်းက ကြေငြာထားသေးသည်။
ယနေ့ မြောင်းမြမြို့တွင် ပြုလုပ်သည့် တိုင်းအဆင့် ရိုးရာလက်ချည်ပွဲနည်းတူ ဧရာဝတီတိုင်းအတွင်းရှိ ကရင်လူမျိုးအများစု နေထိုင်ရာမြို့နယ်များတွင် ရိုးရာလက်ချည်ပွဲကို အသီးသီးကျင်းပခဲ့ကြ ကြောင်းလည်း သိရသည်။



















