Home သတင်း ကရင်လူမျိုးအတွက် အမြဲထည့်သွင်းစဉ်းစားထားကြောင်း Move forward ပါတီခေါင်းဆောင် ပီတလင်ဂျာရွန် ရက်ပြော

ကရင်လူမျိုးအတွက် အမြဲထည့်သွင်းစဉ်းစားထားကြောင်း Move forward ပါတီခေါင်းဆောင် ပီတလင်ဂျာရွန် ရက်ပြော

1129
Photo: OKRSO

ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်လူမျိုးများကို ရင်ထဲတွင်အမြဲထည့်သွင်းထားသလို နိုင်ငံရေးအတွေးထဲတွင်လည်း ကရင်လူမျိုးအတွက် အမြဲ စဉ်းစားထည့်သွင်းထားပေးကြောင်း ယမန်နေ့ ဩဂုတ်လ ၂၇ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပသည့် ဝါခေါင်လ ကရင်ရိုးရာချည်ပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံ၏ Move Forward ပါတီခေါင်းဆောင် ပီတလင်ဂျာရွန်ရက် တက်ရောက်အားပေးပြောဆိုခဲ့ကြောင်း သိရသည်။

၎င်းက “ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ဘယ်အခွင့်ရေးကိုမဆို အားလုံးရထိုက်ပါတယ်။ ကျန်းမာရေးဖြစ်ဖြစ် ပညာ ရေးကဲ့သို့သော လူသားတိုင်းရရှိသင့်တဲ့အခြေခံအခွင့်အရေးတွေကို ကမ္တာပေါ်မှာရှိတဲ့ ဘယ်လူသားတိုင်းမဆို လူ တိုင်းက ရဖို့ထိုက်တန်တယ်။ ဒါကလူသားတစ်ယောက်ချင်းစီရဲ့အခွင့်အရေးဖြစ်တယ်။ မတူညီကွဲပြားမှုကနေ ခွန်အားကိုဖြစ်စေတယ်ဆိုတာ ဒါကသက်သေပြစေတယ်။ ”ဟု ပီတလင်ဂျာရွန်ရက်က ကရင်လက်ချည်ပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲအနိုင်ရ ပါတီခေါင်းဆောင်ဖြစ်သည့် ပီတလင်ဂျာရွန်ရက်သည် ထိုင်းနိုင်ငံအတွင်းရှိ ကရင်လူမျိုးများနှင့် နီးစပ်မှုရှိသည့်သူတစ်ဦးဖြစ်သည့်အပြင် ရွေးကောက်ပွဲမတိုင်ခင်ကလည်း ကရင်လူမျိုးတို့၏ အင်္ကျီသည် ရှေ့နောက်မကွဲပြားမှုမရှိသလို နိုင်ငံအတွင်းရှိ နေထိုင်သည့်မည်သည့်လူမျိုးစုမဆိုအားလုံးသည်ရ ထိုက်သည့် အခွင့်အရေးတန်းတူရှိရမည်ဖြစ်ကြောင်းလည်း ပြောဆိုထားမှုရှိသည်။

ဘန်ကောက်မြို့တွင် ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) နှစ်စဉ် ဦး ဆောင်ကျင်းပသည့် (၃၁)ကြိမ်မြောက် ကရင်ရိုးရာလက်ချည်ပွဲတွင် ယခုနှစ်တွင် ပါဝင်တက်ရောက်သူ ပိုများပြီး Move Forward ပါတီခေါင်းဆောင်အပြင် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးလွှတ်တော်ကိုယ်စားလှယ် ၂ ဦးလည်း ပါဝင် တက်ရောက်သည်ဟု (OKRSO) နာယက စောဆိပ်ပလောင်က ကေအိုင်စီသို့ ပြောသည်။

စောဆိပ်ပလောင်က“ နိုင်ပီတကို ဒီပွဲမှာဖိတ်ခေါ်တဲ့အကြောင်းရင်းကတော့ သူကချင်းမိုင်ဘက် ကရင်တွေနဲ့ ရင်း နှီးမှုတွေရှိထားခဲ့တယ်။ ကရင်အကြောင်းသိတာမကဘဲနဲ့ ကရင်လူမျိုးရဲ့ရိုးရာဓလေ့တွေကို သိရှိအောင်ပြီးတော့ ကရင်လူမျိုးတွေရဲ့ချစ်ချင်းမေတ္တာစည်းလုံးညီညွတ်မှုတွေဘာတွေရှိလဲတွေ့ရှိသိရှိဖို့ သူ့ကို ကျနော်တို့က ဒီပွဲကို ဖိတ်တာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုနှစ် ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် ကရင်ရိုးရာလက်ချည်ပွဲအခမ်းအနားတွင် လက်ချည်ပွဲ ကျင်းပသည့် နှစ်ပေါင်း (၃၀)ကျော်အတွင်း တက်ရောက်လာသူ အများဆုံးနှစ်တစ်နှစ်ဖြစ်ကာ လူပေါင်း တစ်သိန်းကျော်အထိ တက်ရောက်လာကြသည်ဟု OKRSO ဘက်မှ ပြောဆိုသည်။

ပီတလင်ဂျာရွန်ရက်သည် ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သော်လည်း သတင်းမီဒီယာ ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာများ ပိုင်ဆိုင်ထားသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဝန်ကြီးချုပ်ဖြစ်ခွင့် လက်လွတ်ခဲ့ ရသူလည်း ဖြစ်သည်။

ဝါခေါင်လသည် ကရင်ရိုးရာလက်ချည်ပွဲပြုလုပ်သည့်လဖြစ်ပြီး အချို့မှာ နေအိမ်တွင် မိသားစုအလိုက်စုပေါင်း လက်ချည်ကျင်းပခြင်းရှိသည့်အပြင် ကျေးရွာအလိုက်၊ မြို့နယ်အလိုက် စုပေါင်းလက်ချည်ပွဲကျင်းပပြုလုပ်ခြင်း လည်းရှိသည်။ ယခုနှစ်တွင် ပြည်တွင်းအပြင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဩစတြေးလျားနိုင်ငံနှင့် အမေရိ ကန်ရောက် ကရင်တိုင်းရင်းသားများလည်း ကရင်ရိုးရာလက်ချည်ပွဲကို စည်ကားစွာကျင်းပခဲ့ကြကြောင်း သိရသည်။