Home သတင်း တပ်မဟာ (၁) နယ်မြေတွင် စစ်ကောင်စီတပ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ကေအဲန်ယူ ထုတ်ပြန်

တပ်မဟာ (၁) နယ်မြေတွင် စစ်ကောင်စီတပ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ကေအဲန်ယူ ထုတ်ပြန်

749

သြဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁) နယ်မြေ၊ သထုံခရိုင်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်များသည် ဒေသခံ ပြည်သူလူထုများအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ကျေးရွာအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းနှင့် ပစ္စည်းများ ခိုးယူခဲ့ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှု များဆက်တိုက်လုပ်ဆောင်နေသည်ဟု ကေအဲန်ယူ ဗဟို၏ ဩဂုတ်လ ၁၄ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ကေအဲန်ယူဗဟို၏ ထုတ်ပြန်ထားချက်အရ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၆ ရက်နေ့အတွင်း သထုံခရိုင်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်သည် အရပ်သား နေအိမ် ၃၆ လုံးမှ ပစ္စည်းများကို ခိုးယူခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ ဒေသခံပြည်သူများ၏နေအိမ်ထဲများမှ ပစ္စည်းများကို ခိုးယူစားသောက်ခြင်း၊ ကျေးရွာအတွင်းသို့ လက် နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် လူ့အခွင့် အရေးချိုးဖောက်မှုများကို ပြုလုပ်နေခြင်းသည် ဒေသခံပြည်သူများ၏ လုံခြုံမှုအခွင့်အရေးကို ချိုးဖောက် ခြင်းဖြစ်သလို လူသားမျိုးနွယ်စုအပေါ်တွင်လည်း ကျူးလွန်သည့်ရာဇဝတ်မှု ဖြစ်သည်ဟု ကရင်လူ့အခွင့် အရေးအဖွဲ့-KHRG ပြောခွင့်ရ စောနန္ဒဆူးက ယခုလိုပြောသည်။

၎င်းက“ဒေသခံလူထုတွေကို ဖမ်းဆီးတယ်၊ သတ်ဖြတ်တယ်ဆိုတာကလည်း သူတို့လုပ်နေကြအလုပ်တစ်ခုပဲ။ အဲ့ဒီလိုလုပ်ဆောင်တာတွေက ဒေသခံလူထုတွေရဲ့ လုံခြုံမှုအခွင့်အရေးကို ချိုးဖောက်တာပေါ့နော်။ ပြည်သူ လူထုရဲ့စည်းစိမ်းဥစ္စာတွေကို ဖျက်ဆီးတယ်။ စစ်ကောင်စီက အခုလိုလုပ်တာက လူ့အခွင့်အရေးချိုး ဖောက်ရုံသာမကဘဲ လူသားမျိုးနွယ်အပေါ်ကျူး လွန်တဲ့ရာဇဝတ်မှုဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ တပ်မဟာ (၁) ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်က သထုံမြို့နယ် ရွှေရောင်ပြကျေးနယ် မရမ်း ကုန်းကျေးရွာမှ အရပ်သားနေအိမ်များရှိ ငွေကြေးအပြင် အိမ်မွေးတိရစ္ဆာန်များ၊ အခြေခံစားသောက် ကုန်ဖြစ်သည့် ဆန်၊ ဆီ၊ဆား နှင့် အဝတ်အစား၊ လက်ကိုင်ဖုန်းများ စသည့်ပစ္စည်းများကို ယူဆောင်သွား ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် ကေအဲန်ယူ တပ်မဟာ (၁) သထုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ တပ်များသည် ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၃ ထောင်နီးပါးဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ထိခိုက်ပျက်စီး မှုများလည်းရှိနေကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အလားတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ တပ်မဟာ (၁) နယ်မြေအတွင်း လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာပြီး စစ်ကောင်စီတပ်ဘက်မှ ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်မှုအပြင် ဒေသခံရွာ သားများအပေါ် ဖမ်းဆီးပြီး လူသားဒိုင်း ပြုလုပ်သည့် ဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

စစ်ကောင်စီတပ်များသည် ကေအဲန်ယူ တပ်မဟာ (၁) နယ်မြေအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံ လူထုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် အလားတူ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ အခြားသော ကေအဲန်ယူ ထိန်းချုပ်နယ်မြေအသီးသီးတွင်လည်း ယခုလိုကျူးလွန်မှုများရှိနေ ကြောင်း ကေအဲန်ယူအပြင် အရပ်ဖက်အဖွဲ့များ၏ ထုတ်ပြန်ချက်ထားအရ သိရသည်။