ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ကော့ကရိတ်မြို့ ဒေသခံ ၃ ဦး ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ကော့ကရိတ်မြို့၊ အမှတ်-၂ရပ်ကွက်၊ ဓမ္မာရာမဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် သည် ယမန်နေ့ နေ့လည် ၁၁နာရီဝန်းကျင်တွင် မြို့တွင်းသို့ တော်လှန်ရေးအင်အားစုများ ဝင်လာသည့် သတင်းကြား၍ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ရာ မြို့ခံပြည်သူ ၂ ဦးနှင့် နန်းကတိုး ကျေးရွာသူတစ်ဦးကျည်စထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ပေါ် အလက(၃)ကျောင်းရှေ့အထိ ဆင်းသွားတော့ ဓမ္မာရာမက စစ်ကောင်စီတပ်လက်ကြီးလှမ်းပစ်တာ နန်းကတိုးက အမျိုးသမီးတစ်ဦးထိတယ်။ ဝင်းကြီးရပ်ကွက်က ဦးဘာဘာနဲ့ သူ့တူမ နှစ်ဦးထိတယ်”ဟု ၎င်းအမည်မဖော်လိုသူ ဒေသခံက ကေအိုင်စီသို့ ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံ(၃)ဦးအနက် ဒဏ်ရာပြင်းထန်သူ အသက် ၆၀ ကျော် ဦးဘာဘာကို ဖားအံဆေးရုံသို့ ပို့ဆောင်ထားရပြီး ကျန်အမျိုးသမီးနှစ်ဦးကိုမူ ကော့ကရိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မြို့ခံပြည်သူများက ပြောသည်။
အခြားကော့ကရိတ်မြို့ခံတစ်ဦးကလည်း “ဦးဘာဘာက စိုးရိမ်ရလို့ ဖားအံဆင်းသွားပြီး။ ကျန်တဲ့ နှစ်ယောက်က ကော့ကရိတ်မှာပဲ ရှိသေးတယ်။ နန်းကတိုးက အထွေးတော့ ဘယ်ဘက် ဖင်မှာ ကျည်စကျန်တာ ခွဲရမလား မသိသေးဘူ”ဟု ပြောသည်။
ကော့ကရိတ်မြို့နှင့် မြို့အနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များ သည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့်တော်လှန်ရေးပူးပေါင်းတပ်၏ မကြာခဏ ဝင်ရောက်တိုက်ခိုက်ခံရလေ့ရှိပြီး ထိုသို့ တိုက်ခိုက်ခံရပြီဆိုပါက လက်နက်ကြီးများ အဆက် မပြတ်ပြန် လည်ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သဖြင့် နေအိမ်အဆောက်အဦး၊ တိရစ္ဆာန်များနှင့် အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ကော့ကရိတ်ဒေသခံအချို့မှာ ယခုအချိန်ထိ ကျေးရွာထဲသို့ ပြန်လည်နေထိုင်မရဲသေးသူများရှိကြောင်း သိရသည်။



















