Home သတင်း ကရင်ပညာရေးဦးဆောင်လမ်းပြပေးသူ နော်ဟေသီဂျူး ၂၀၂၂ ခုနှစ် ပဒိုမန်းရှာလူငယ်ဆုရရှိ

ကရင်ပညာရေးဦးဆောင်လမ်းပြပေးသူ နော်ဟေသီဂျူး ၂၀၂၂ ခုနှစ် ပဒိုမန်းရှာလူငယ်ဆုရရှိ

912
Photo: Phan Foundation

ဩဂုတ်လ ၁၆ ရက် ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ ၂၀၂၂ ခုနှစ် လူငယ်ခေါင်းဆောင်ဆုကို ကရင်ပညာရေးအတွက် ဦးဆောင်လမ်းပြပေးသူတစ်ဦးဖြစ်သော ကော်သူးလေ အထက်တန်းကျောင်းတစ်ခုမှ လူငယ်အမျိုးသမီး ကျောင်းအုပ် နော်ဟေသီဂျူးကို ပေးအပ်ချီးမြှင့်လိုက်ကြောင်း ဖန်းဖောင်ဒေးရှင်းက ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

နော်ဟေသီဂျူးသည် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD လက်အောက်ရှိ ကျောင်းအုပ်ဆရာမတစ်ဦး ဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၈ခုနှစ်တွင်လည်း ၎င်း၏ကျောင်းကို ဂျူနီယာကောလိပ်( Junior College)အထိ တိုးချဲ့ ဖွင့်လှစ်ခဲ့ကာ အဆိုပါကျောင်းတွင် ကျောင်းဆရာ/မ (၁၀)ဦးနှင့် ကျောင်းသူကျောင်းသား (၈၂) ဦးရှိရာကနေ ယခုလက်ရှိအချိန်တွင် ကျောင်းသူကျောင်းသား အယောက် (၇၀၀)ဦးနှင့် ကျောင်းဆရာ/မ အယောက် (၃၀)ဦး အထိရှိခဲ့ပြီဖြစ်သည်။

ပဒိုမန်းရှာလားဖန်း၏သမီးငယ် ဖန်းဖောင်ဒေးရှင်းတွဲဖက်တည်ထောင်သူနှင့် ဒါရိုက်တာ နမ့်ဆိုယာဖန်းက “ နော်ဟေသီဂျူးဟာ ထူးချွန်တဲ့လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တာကြောင့် သူ့ကိုအသိအမှတ်ပြု ပံ့ပိုးပေး တာဟာ ထိုက်တန်ပါတယ်။ လူငယ်မျိုးသမီးတွေဟာ လူမှုအသိုင်းအဝိုင်းတွေမှာ ဘယ်လောက်ပြောင်းလဲပေးစေနိုင်လဲဆို သူမရဲ့ ဦးဆောင်မှုကပြသပေးပါတယ်။ ကျမတို့ရဲ့ ဖခင်ပဒိုမန်းရှာကို အမှတ်ရစေလိုတဲ့အတွက် နော်ဟေသီဂျူး လို ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးဆောင်နေတဲ့လူငယ်တွေကို ထိထိရောက်ရောက် ထောက်ပံ့ချီးမြှင့်ဖို့ အတွက်ဖြစ် တယ်။ ဒီဆုဟာ သူအလုပ်ဆက်လုပ်ဖို့အတွက်အထောက်ကူပြုမှာဖြစ်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၁၂)နေ့က တောင်ငူခရိုင်တွင် ကျင်းပပြုလုပ်သည့် (၇၃)နှစ်မြောက် ကရင်အမျိုး သားအာဇာနည်နေ့အခမ်းအနားတွင် ဆုရရှိသည့် သူ့ကို ဖန်းဖောင်ဒေးရှင်းက ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ပြီး အလုပ်လုပ်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် အမေရိကန် ဒေါ်လာ ၄၀၀၀ ကိုလည်း ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခုလိုဆုချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူမိသလို ပဒိုမန်းရှာ၏ အခြေခံမူ၊ ခေါင်းဆောင်မှု၊ လုပ်ဆောင်ချက်များ ကိုလည်း လေးစားရပြီး သူရေးသားထားခဲ့သည့်စာများကိုလည်း သူမအတွက် အလင်းပြပေးခဲ့ကာ ခွန်အားဖြစ်စေသည့်အတွက် ယခုရရှိသည့်ဆုသည် အဓိပ္ပါယ်ရှိကြောင်းလည်း နော်ဟေသီဂျူးက ပြောသည်။

Photo: Phan Foundation

သူမက“အခြားလူငယ်ခေါင်းဆောင်တွေကိုလည်း ကျမအားပေးချင်တာက သန်မာမယ်၊ ကျမတို့စွမ်း ဆောင်ရည်ကိုလည်း ကြိုးစားမြှင့်တင်ရမယ်၊ အဲဒါမှ ကျမတို့လူမှုအသိုင်းအဝိုင်းကို ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးလူငယ်ခေါင်းဆောင်တွေကို ကျမတိုက် တွန်း ချင်တာက ကျမတို့ လုပ်နိုင်တယ်။ ကျမတို့လူမှုအသိုင်းအဝိုင်းပြောင်းနိုင်ဖို့က ကျမတို့ စွမ်းဆောင်ပေး နိုင်တယ်။ ကျမတို့အဖွဲ့အစည်းနဲ့ လွတ်လပ်မှုအတွက် ကျမတို့တိုက်ပွဲဝင်ရမယ်။ ပြီးတော့ အုပ်ချုပ်ရေး အဆင့်တိုင်း မှာလည်း အမျိုးသမီးတွေဦးဆောင်ပေးနိုင်တဲ့နေရာတွေကိုပေးဖို့ ကေအဲန်ယူကိုလည်း ကျမတိုက်တွန်းချင် ပါတယ်။”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ အမည်မသိ သေနတ် သမားနှစ်ဦး၏ သတ်ဖြတ်ခြင်းခံရ‌သော KNU-အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ကွယ်လွန်သူ ဇနီးဖြစ်သူ နမ့်ကျင်‌ရွှေတို့အား ဂုဏ်ပြုသည့်အ‌နေဖြင့် ကျန်ရစ်သူသားသမီး ၄ ဦးက ဖန်းဖောင်ဒေးရှင်း(Phan Foundation )ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

ပဒိုမန်းရှာလူငယ်ခေါင်းဆုကို ကရင်အမျိုးသားများ၏ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူ့အခွင့်အ‌ရေး၊ သဘာဝပတ်ဝန်းကျင်တည်တံ့‌ရေး နှင့် စာ‌ပေ ယဉ်‌ကျေးမှုဆိုင်ရာများတွင် ကိုယ်ကျိုးမငဲ့ဘဲ ဦး‌ဆောင်လှုပ်ရှား‌ဆောင်ရွက်‌နေသည့် အသက် ၃၅နှစ်အောက် မည်သည့်လူငယ်မဆို Phan Foundation မှ နှစ်စဉ်‌ရွေးချယ်ဂုဏ်ပြုသည့် ဆုတစ်ခု လည်းဖြစ်သည်။

ထိုလူငယ်ခေါင်းဆောင်ဆုကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် စတင်ပေးအပ်ကာ ယခု ၂၀၂၂ ခုနှစ်ဆိုလျှင် (၁၅)ဦးမြောက်ရှိနေပြီးဖြစ်သည်။