Home သတင်း စွန့်လွှတ်ပေးဆပ်ခဲ့သည့် ကရင့်အာဇာနည်များ၏ မျှော်လင့်ချက် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

စွန့်လွှတ်ပေးဆပ်ခဲ့သည့် ကရင့်အာဇာနည်များ၏ မျှော်လင့်ချက် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

840

ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားများအနေဖြင့် မိမိတို့ကရင့်အာဇာနည်များ၏ စွန့်လွှတ်ပေးဆပ်မှု မျှော်လင့်ချက်နှင့် အဓိပ္ပါယ်များကို အကောင်အထည်ဖော်နိုင်ရေး စည်းလုံးညီညွတ်စွာ ကြိုးပမ်းလုပ်ဆောင်ကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဩဂုတ်လ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ ပေးပို့မိန့်ခွန်းလွှာတွင် တိုက်တွန်း ပြောဆိုထားသည်။

အဆိုပါ မိန့်ခွန်းတွင် ကရင်အမျိုးသားများသည် မိမိတို့၏ ကရင့်အမျိုးသား အာဇာနည်နေ့အား အောက်မေ့သတိရခြင်းအနေဖြင့် ကျင်းပခြင်းရုံ သာမဟုတ်ဘဲ အာဇာနည်များ၏ စွန့်လွှတ်ပေး ဆပ်ခဲ့ကြသည့် ရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ရေး ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်း ကြောင်း KNU ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

“အမျိုးသားရေးရည်မှန်းချက်အား စည်းလုံးညီညွတ်မှုဖြင့်ကြိုးပမ်းတည်ဆောက်ရာတွင်လည်း မတူ ကွဲပြားမှုကိုဘေးဖယ်၍ ကရင့်အမျိုးသားအလံတော်အောက်တွင် ကျရာတာဝန်အတိုင်း လုပ်ဆောင် ရန်လိုအပ်သလို အပြစ်တင်ပြောဆိုမှုကိုရှောင်ရှား၍ အပြန်အလှန် အားနည်းချက် ရှာဖွေဖော် ထုတ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်”ဟု ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ မိန့်ခွန်းတွင် ပြောဆိုသည်။

ထို့အတူ မိမိတို့ကရင်လူမျိုး တိုးတက်ရှင်သန်နိုင်ရေးသည် ပြည်တွင်းပြည်ပရှိ ကရင်လူမျိုး တစ်ဦးချင်းစီနှင့်အဖွဲ့အစည်းများ၏ လက်ဝယ်တွင်းရှိသည်ဖြစ်သလို ပြည်သူလူထုအကျိုးစီးပွားကို အဟန့်အတားဖြစ်စေသော အမျိုးသားရေးရန်သူကို ခွဲခြားသိမြင်၍ အာဏာရှင်စနစ်အမြစ်ပြတ်ရန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့်လည်း လက်တွဲလုပ် ဆောင်ရမည်ဖြစ်ကြောင်းလည်း အဆိုပါ မိန့်ခွန်းတွင် ဖော်ပြပါရှိသည်။

ဆက်လက်ပြီး ကရင့်အမျိုးသားရေးတိုက်ပွဲဝင်နေကြသည့် လက်နက်ကိုင်တော် လှန်ရေး အစုအဖွဲ့များအနေဖြင့်လည်း တစ်ဦးတစ်ဖွဲ့တည်း ရပ်တည်နိုင်ရုံသာ ကိုယ်ကျိုးရှာသူများမဖြစ်စေရန် မိမိတို့၏လုပ်ရပ်နှင့်သက်ရောက်မှုများကို ပြန်လည်ဆန်းစစ်စေလိုကြောင်း၊ ကရင့်အမျိုး သားအသင်းအဖွဲ့များအနေဖြင့်လည်း KNU ၏ ဦးဆောင်မှုအောက်တွင် ပူးပေါင်းစုစည်းကြကာ တစ်ခုတည်းသောရည်မှန်းချက်အတွက် စည်းလုံးစွာကြိုးပမ်းအားထုတ်ကြရမည် ဟူ၍လည်း KNU ဥက္ကဋ္ဌက ပြောဆိုသည်။

ဩဂုတ်လ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့သို့ ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း မိန့်ခွန်းလွှာအပြင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ် မတော်-KNLA၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO နှင့် ကရင်လူငယ်အစည်းအရုံး-KYO နှင့် နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKO တို့မှလည်း ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေး ပို့ဂုဏ်ပြုထားသည်။

ကရင့်အမျိူးသားခေါင်းဆောင်ကြီးများဖြစ်သော ကရင့်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဥက္ကဋ္ဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စောစိုင်းကေနှင့် ရဲဘော်များ တော်လှန်ရေးတာဝန်ထမ်းဆောင်နေစဥ်ကာလ နဘူးမြို့နယ်၊ ထို့ကော်ကိုးရွာတွင် ရန်သူတပ်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံခဲ့ရသဖြင့် ကျဆုံးခဲ့ရ သည့် ၁၉၅၀ ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့ကို ကရင့်အမျိုးသားအာဇာနည်နေ့အဖြစ် သတ်မှတ် ခဲ့ကြရာ ကရင်တစ်မျိုးသားလုံးမှ နေရာဒေသအသီးသီးတွင် ယနေ့အထိ ဂုဏ်ပြုကျင်း ပလာခဲ့ကြခြင်း ဖြစ်သည်။