Home သတင်း မဲဆောက်၊ မယ့်ကိုကင်းရွာသို့ မြန်မာဘက်မှလက်နက်ကြီးကျ၍ အမျိုးသမီး(၁)ဦး ဒဏ်ရာရ

မဲဆောက်၊ မယ့်ကိုကင်းရွာသို့ မြန်မာဘက်မှလက်နက်ကြီးကျ၍ အမျိုးသမီး(၁)ဦး ဒဏ်ရာရ

14
Photo: Thai News

အောက်တိုဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝန်ကျေးရွာအုပ်စု၊ မယ့်ကိုကင်းရွာအတွင်း ယမန်နေ့( အောက်တိုဘာ ၂၂) ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံဘက်ခြမ်းမှပစ်ခတ်လိုက်သည့် လက်နက်ကြီးများကြောင့် မြန်မာအမျိုးသမီး(၁)ဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာရခဲ့ကြောင်း နယ်စပ်တွင်စစ်ဘေးရှောင်နေရသူများက ပြောသည်။

မဟာဝန်ကျေးရွာအုပ်စု၊ အမှတ်(၉)ရပ်ကွက်ရှိ ဘုရားကျောင်းနှင့် ရပ်ကွက်(၂)အနီးသို့ ယမန်နေ့ ည(၈)နာရီဝန်းကျင်မှစတင်ကာ ၆၀ မမ လက်နက်ကြီးစုစုပေါင်း(၄)လုံး ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းအချို့က ဖော်ပြသည်။

လက်နက်ကြီးကျည်စကြောင့် နေအိမ်(၃)လုံး၊ ဆိုင်ခန်း(၂)ခန်း ပျက်စီးမှုရှိခဲ့သလို မြန်မာအမျိုးသမီးတစ်ဦး လက်တွင် မစိုးရိမ်ရဒဏ်ရာရသွားသည်ဟု ထိုင်းနယ်စပ်သတင်းအရင်းအမြစ်နှင့် စစ်ဘေးရှောင်များက ပြောသည်။

“ရပ်ကွက်(၉)မှာ ညကကျတာ အလုံးတော့များသားပဲ။ ည(၈)နာရီကျော်ကျော်မှာတစ်ကြိမ် (၉)နာရီလောက်မှာတစ်ကြိမ် လေးငါးလုံးလောက်တော့ရှိမယ်ထင်တယ် အလုံးကြီးသပ်သပ်ပါပဲ” ဟု နယ်စပ်နေ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

သောင်ရင်းမြစ်တစ်ဖက်ကမ်း မြဝတီမြို့တောင်ပိုင်းတွင် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များ တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေသည်မှာ လနှင့်ချီကြာမြင့်နေပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း ယခင်ကလည်း ထိုင်းဘက်သို့ လက်နက်ကြီးကျည် မကြာခဏကျရောက်ခဲ့ခြင်းရှိသည်။

Photo: Thai News

ယမန့်နေ့က လက်နက်ကြီးနှင့်ပတ်သက်၍မူ စစ်အုပ်စုဘက်ကပစ်ခတ်မှုသာဖြစ်သည်ဟု ဝေါလေဘက်တွင် လက်ရှိ စစ်ရေးဖော်ဆောင်နေသည့် KNLA မဟာမိတ်တပ်ဘက်က ပြောသည်။

KNLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ဟိုဘက်ကမ်း ကျတာတွေက အများအားဖြင့် ရန်သူ(စစ်အုပ်စု) လက်နက်ပဲ။ ကျနော်တို့ကတော့ ကျဖို့မရှိဘူး။ ဝေါလေမှာဆိုလည်း ပြီးခဲ့တဲ့ (၂၁) ရက်နေ့က လာပစ်သွားတယ်။ ဖလူး ကျောက်ခက်ဘက်မှာလည်း အခုပစ်နေတယ် လေယာဉ်လာတယ်” ဟု ကေအိုင်စီကို ပြောသည်။

မြဝတီတောင်ပိုင်းတိုက်ပွဲအရှိန် ဆက်လက်ပြင်းထန်နေရာတွင် အောက်တိုဘာ(၂၁)ရက်နေ့ကလည်း ဖလူးကြီး၌ စစ်အုပ်စု၏ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း နယ်စပ်နေစစ်ဘေးရှောင်များက ဆိုသည်။

လတ်တလော ထိုင်းပိုင်နက်သို့ မြန်မာဘက်မှလက်နက်ကြီးကျရောက်ခြင်းကြောင့် ထိုင်းစစ်တပ်သည် ယနေ့၊ အောက်တိုဘာ(၂၃)ရက်နေ့က မဟာဝန်ကျေးရွာအုပ်စု၊ ‌သောင်ရင်းမြစ်နယ်စပ်ကြောတွင် နေရာယူပြီး အင်အားဖြည့်တင်းခြင်း၊ လုံခြုံရေးလှည့်လည်ခြင်းတို့ လုပ်ဆောင်နေကြကြောင်းလည်း ထိုင်းသတင်းများက ဖော်ပြသည်။

Photo: Thai News