Home သတင်း ခလယ်လွီထူခရိုင်တွင် စစ်အုပ်စု၏ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁) ဦးသေဆုံး

ခလယ်လွီထူခရိုင်တွင် စစ်အုပ်စု၏ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁) ဦးသေဆုံး

9
Photo: KNU

အောက်တိုဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်တွင် စစ်အုပ်စု၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အသက် (၇၈) နှစ်အရွယ်ရှိ အမျိုးသမီး (၁) ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၏ ယမန်နေ့၊ အောက်တိုဘာ(၂၂)ရက် ထုတ်ပြန်ချက်အရ သိရသည်။

မူး(မုန်း)မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာသို့ ပြီးခဲ့သည့် အောက်တိုဘာ(၁၈) ရက်နေ့က စစ်အုပ်စုမှ ဒရုန်းဖြင့် ဗုံးသီး(၄)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေါ်ငြိမ်းလှဆိုသူ အဘွားအို သေဆုံးကာ နောက်ထပ် အသက်(၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းနှင့်တကွ ကေအဲန်ယူက ဆိုသည်။

ထိုနေ့မတိုင်ခင် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ဆောထိ(ရွှေကျင်)မြို့နယ်၊ ထင်းကုန်းကျေးရွာသို့ စစ်အုပ်စု၏ အသေခံ(ကာမီကာဇေ)ဒရုန်းနှစ်စီးဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူပိုင် နေအိမ် (၂) လုံး ပျက်စီးသွားကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာလ(၁)ရက်နေ့ကလည်း စစ်တပ်ဒရုန်းပစ်ခတ်မှုအတွင်း မူးမြို့နယ်၊ ကျောက်ကြီးပေါက်ရွာနေ အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးပြီး အမျိုးသမီး(၄)ဦးအပါအဝင် ဒေသခံ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ကော်သူးလေနယ်မြေအတွင်း အရပ်သားပြည်သူအခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ကမူ ခလယ်လွီထူခရိုင်တွင် ဇူလိုင်မှ စက်တင်ဘာအထိ စစ်အုပ်စု၏ လက်နက်ကြီးနှင့်လေကြောင်း တိုက်ခိုက်မှု (၁၆၈) ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သား(၁၂) ဦးသေဆုံး၍ (၁၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ချက်တွင် မှတ်တမ်းတင်ထားသည်။

Photo: KNU