Home သတင်း မဲဆောက်တွင် ဆိုင်ကယ်ခိုးယူသူ မြန်မာအမျိုးသားတစ်ဦး ဖမ်းမိ၊ BGF တပ်ဖွဲ့ဝင်ဟု ဝန်ခံ

မဲဆောက်တွင် ဆိုင်ကယ်ခိုးယူသူ မြန်မာအမျိုးသားတစ်ဦး ဖမ်းမိ၊ BGF တပ်ဖွဲ့ဝင်ဟု ဝန်ခံ

10
Photo: Social Media

အောက်တိုဘာ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်၊ မယ်ပတိုက်နယ် ရပ်ကွက် (၃) အတွင်း ယနေ့ နံနက် (၃) နာရီဝန်းကျင်က ဆိုင်ကယ်လိုက်လံခိုးယူနေသူ မြန်မာနိုင်ငံသား လူငယ်တစ်ဦးကို ရပ်ကွက်နေပြည်သူများက လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူသည် မဲဆောက်ရှိ မြန်မာပြည်သားများ ငှားရမ်းနေထိုင်သည့် တိုက်ခန်း တန်းလျားများတွင် ဆိုင်ကယ်များကို ညအချိန်မတော် လိုက်လံခိုးယူနေခြင်းဖြစ်ပြီး မိမိကိုယ်ကို မြဝတီမြို့အခြေစိုက် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“မနက် ၃ နာရီလောက် သူများ ဖုန်းခေါ်လာလို့ သွားကြည့်လိုက်တာ အဲ့မှာ ဆိုင်ကယ်သူခိုးကို ဖမ်းမိထားတယ်။ သူတို့က လာတာက ၃ ယောက်။ ၂ ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်။ သူတို့ ဆိုင်ကယ်စီးလာရင်း ဒီက လူတစ်ယောက်က ဓားနဲ့ ချိန်ရွယ်လိုက်တော့ ဆိုင်ကယ်က လမ်းဘေး ချောက်ထဲ ကျသွားလို့ ဖမ်းမိတာ။ သူ့ကိုယ်သူ BGF ကလို့ ပြောတယ်။ ” ဟု ၎င်း မျက်မြင်တွေ့ရှိသူက ကေအိုင်စီသို့ ပြောသည်။

ဖမ်းဆီးရမိသူ လူငယ်အား ရပ်ကွက်တာဝန်ရှိသူများနှင့် ပြည်သူများက ဝိုင်းဝန်းစစ်ဆေးမေးမြန်းရာတွင် ၎င်းသည် မြဝတီမြို့ရှိ BGF ခေါင်းဆောင် ဗိုလ်မုတ်သုန်၏ တပည့်ရင်းဖြစ်သူ ဗိုလ်မုန်တိုင်း လက်အောက်ခံတပ်ဖွဲ့ဝင်ဖြစ်ကြောင်း ဝန်ခံထားသည်။

ထို့အပြင် စစ်ဆေးစဉ် ၎င်း၏ လက်ကိုင်ဖုန်းအတွင်း BGF တပ်ဖွဲ့ဝင်ဖြစ်ကြောင်း ယူဆရသည့် အထောက်အထားအချို့ ရှာဖွေတွေ့ရှိခဲ့သော်လည်း တပ်ရင်းတပ်ဖွဲ့ အမှတ်နှင့် ကိုယ်ပိုင်နံပါတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ဗိုလ်မုန်တိုင်း၏ တပည့်ဟုသာ ဝန်ခံခဲ့သည်ဟု ဆိုသည်။

Photo: Social Media

၎င်းနှင့်အတူ ဆိုင်ကယ်ခိုးယူရာတွင် ပါဝင်သည့် အခြားလူငယ် ၂ ဦးလည်း ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီးစဉ် လွတ်မြောက်သွားခဲ့သည်ဟု သိရသည်။

ဗိုလ်မုန်တိုင်းဆိုသူသည် လက်ရှိ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ဖမ်းဝရမ်း ထုတ်ထားသည့် BGF တပ်နယ် (၄) တပ်နယ်မှူး အမှတ် (၁၀၂၂) တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန်၏ တပည့်ရင်းတစ်ဦးဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် သံသယရှိသူ လူငယ်အား သက်ဆိုင်ရာ မယ်ပရပ်ကွက် တာဝန်ရှိသူများက ၎င်းခိုးယူစီးနင်းလာသည့် ဆိုင်ကယ်နှင့်အတူ ထိုင်းရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ပြီဖြစ်သည်ဟု သိရသည်။

အလားတူ လွန်ခဲ့သည့်လကလည်း အဆိုပါ ရပ်ကွက်အတွင်းရှိ မြန်မာမိသားစုတစ်စု ငှားရမ်းနေထိုင်သည့် တိုက်ခန်းမှ ဆိုင်ကယ် ၂ စီး ခိုးယူခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။ မဲဆောက်မြို့နယ်အတွင်း နယ်စပ်ဖြတ်ကျော် ဆိုင်ကယ်ခိုးယူမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး မြန်မာစစ်ဘေးရှောင်များနှင့် လုပ်သားအများစု ငှားရမ်းနေထိုင်သည့် တိုက်ခန်းတန်းလျားများသည် အဓိကပစ်မှတ်ထား ခိုးယူခံနေရကြောင်း သိရသည်။