အောက်တိုဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်အတွင်းသို့ ထိုင်းကုန်စည်များဝင်ရောက်မှုအပေါ် ထိုင်းအာဏာပိုင်များက သယ်ယူခွင့်ကန့်သတ်ထားသဖြင့် ဒေသခံများ ကုန်စည်ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်းတပ်မဟာ(၅) ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူနှင့် ဒေသခံများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ဘက်မှ ဝင်ရောက်သည့် စစ်ဘက်ဆိုင်ရာသုံး ပစ္စည်းများအပြင် ဘိလပ်မြေ၊ ဆိုလာပြား၊ ဖုန်း၊ အင်တာနက်ဆက်စပ်ပစ္စည်း၊ ဓာတ်မီး၊ ဂျင်နရေတာ၊ စက်ဆီ၊ မော်တော်ယာဉ်၊ ဘက်ထရီ၊ ကွန်ပျူတာ၊ ကင်မရာ၊ ဖုန်းဆင်းကတ် (SIM Card)၊ စက်သုံးဆီနှင့် ဂတ်စ်ဘူး အပါအဝင် ပစ္စည်းအမျိုးအစား ၃၅ မျိုးထက်မနည်းကို ထိုင်းဘက်က သယ်ဆောင်ခွင့် ကန့်သတ်ထားခြင်း ဖြစ်သည်။
“အခုက အိမ်သုံးပစ္စည်းတွေအထိ ကန့်သတ်ခံရတယ်။ ဒီလိုလုပ်တာက ပြည်သူတွေ လုပ်စားကိုင်စားမရအောင် ပိတ်ပင်ထားသလို ဖြစ်နေပြီ။ ဆိုင်တွေမှာလည်း ပစ္စည်းမစုံတော့ဘူး။ ကိုယ်လိုချင်တာလည်း ဝယ်လို့မရတော့ဘူး” ဟု ပဒိုစောထို့ရော်ဘင်က ပြောသည်။
ထိုသို့ ကန့်သတ်ခံရခြင်းမှာ ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက အာဏာသိမ်းသမ္မတ မင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဥ်သွားရောက်ပြီးနောက် ဩဂုတ်လ(၂၅)ရက်နေ့တွင် ကန့်သတ်ချက် စတင်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း ကေအဲန်ယူ၊ မူတြော်ခရိုင် ပြောခွင့်ရသူက ဖြည့်စွက်ပြောသည်။
မယ်ဟောင်ဆောင်ခရိုင်နှင့် ထိစပ်လျက်ရှိသော တပ်မဟာ (၅) နယ်မြေတွင် ယခင်က ကုန်ပစ္စည်းများ သယ်ယူခွင့်ကို ကန့်သတ်ထားခြင်းမရှိဘဲ လက်ရှိပထမဆုံးအကြိမ်အဖြစ် အိမ်သုံးပစ္စည်း ဘိလပ်မြေနှင့် ဆိုလာပြားများအထိ ပိတ်ပင်လိုက်သလို ဆေးဝါးသယ်ယူခွင့်အတွက်လည်း ခွင့်ပြုချက်ယူနေရသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံအမျိုးသားတစ်ဦးက “သယ်လို့မရတဲ့ ပစ္စည်းတွေ အများကြီးပဲ။ စူပါဂလူး၊ ဘက်ထရီ၊ လျှပ်စစ်မီးနဲ့ဆိုင်တဲ့ ပစ္စည်းတွေ မီးလုံးကြီးတွေ ဘက်ထရီဆို ၁၀၀ W အထက် သယ်လို့မရဘူး။ ဆေးဝါးဆိုရင်လည်း အဆင့်ဆင့် ခွင့်ပြုချက် တောင်းရတယ်” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။
ယခုလို ကုန်စည် သယ်ယူပို့ဆောင်ရေး ကန့်သတ်ပိတ်ပင်ခံရခြင်းသည် စစ်အုပ်စုနှင့် ထိုင်းအာဏာပိုင်များအကြား ကျားဖြန့် (အွန်လိုင်းငွေလိမ်လည်) လုပ်ငန်းများနှင့်ပတ်သက်၍ အပေးအယူဖြစ်ကြောင်း ဒေသခံများထံမှ သိရသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနေဆဲဖြစ်သည်။
ထို့အတူ လက်ရှိ ထိုနယ်စပ်ဒေသ၌ ထိုင်းစစ်ဆေးရေးဂိတ်များ တင်းကြပ်လိုက်သည့်အတွက် တပ်မဟာ (၅) နယ်မြေအတွင်း ကျေးရွာများတွင် တစ်ပိုင်တစ်နိုင်ဈေးဆိုင်ဖွင့်သူများမှာ ကုန်ပစ္စည်းများဝယ်ယူရန် ခက်ခဲလာပြီး ကန့်သတ်ခံကုန်ပစ္စည်းအများစု လုံးဝပြတ်လပ်မည့်အရေး တွေ့ကြုံနေရကြောင်း သိရသည်။


















