Home သတင်း တိုက်ပွဲဆက်လက်ဖြစ်ပွားမည့်အရေး စိုးရိမ်မှုကြောင့် ကျောက်တံခါးဒေသခံများ နေရပ်မပြန်ရဲသေး

တိုက်ပွဲဆက်လက်ဖြစ်ပွားမည့်အရေး စိုးရိမ်မှုကြောင့် ကျောက်တံခါးဒေသခံများ နေရပ်မပြန်ရဲသေး

919
Photo: Crd.

ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ(၁၁)ရက်နေ့က စစ်ကောင်စီနှင့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆက်လက်ဖြစ်ပွားလာနိုင်မည့်အရေး စိုးရိမ်မှုကြောင့် သမင်အင်းကုန်းနှင့် အနီးအနားရှိ ကျေးရွာများ နေရပ်ပြန်မနေ ထိုင်ရဲသေးကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

သမင်အင်းကုန်း အပါအဝင် ကျေးရွာ(၇)ရွာထက်မနည်းရှိ ဒေသခံများမှာ ယခင်လပိုင်းများက စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် စစ်ဘေးတိမ်းရှောင်နေရပြီး ယခုလို ထပ်မံဖြစ် ပွား သောတိုက်ပွဲကြောင့် အများစုမှာ နေရပ်မပြန်ရဲကြကြောင်း ဒေသခံအမျိုး သားတစ်ဦးက ယခုလိုပြောသည်။

“သမင်အင်းကုန်းမှာ အခုတော့ တော်လှန်ရေးတပ်ဘက်က တပ်စွဲထားတယ်။ အိမ်ကပစ္စည်းပျောက်မှာစိုးလို့ သက်စွန့်ဆန်ဖျားနဲ့ပြန်နေတဲ့သူတော့ ရှိတယ်။ သမင်အင်းကုန်းတင်မဟုတ်ဘူး၊ ရွာတွေတော်တော်များများ ပြေးနေကြတုန်းပဲလေ။ တော်လှန်ရေးတပ်ရှိပေမယ့် တိုက်ပွဲဖြစ်မှာစိုးလို့ ပြန်မနေရဲကြဘူး” ဟု အဆိုပါ ဒေသခံက ကေအိုင်စီသို့ ယနေ့ပြောသည်။

စစ်ဘေးတိမ်းရှောင်ထွက်ပြေးကြသောဒေသခံများမှာ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းသို့ ကူး၍သော် လည်းကောင်း၊ အမျိုးအဆွေများရှိရာ ဘေးလွတ်ကင်းသည့်ကျေးရွာများသို့ လည်းကောင်း တိမ်းရှောင်နေထိုင်ကြရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အခြားဒေသခံအမျိုးသားတစ်ဦးကလည်း “အဲ့မှာ အရင်တစ်ခေါက်ဖြစ်ပြီဆိုကတည်းက ဒေသခံ အနည်းအကျဥ်းပဲကျန်တာ တော်တော်များများရှောင်နေကြတယ်။ အခုဖြစ်တော့ ရှိတဲ့သူလည်းပြေးကြပေါ့။ ကျောက်ကြီးဘက်ကိုလည်း ပြေးကြတယ်။ အခုတစ်ခေါက်ရေကြီးတာ ရေတော့တက်ပေမယ့် အရမ်းဆိုး ဆိုးရွားရွားတော့ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၉)ရက်နေ့ကလည်း သမင်အင်းကုန်းရွာသို့ စစ်ကောင်စီ စစ်ကြောင်းထိုးဝင် ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၃၀)ဦးထက်မနည်း ထိခိုက် သေဆုံးခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဘက်မှ (၃)ဦး သေဆုံး၍ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ ဖော်ပြပြောဆိုချက်အရ သိရသည်။

အလားတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်တွင် ပြီးခဲ့ သည့်ဇွန်လအတွင်း စစ်ကောင်စီနှင့်KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲကြီးငယ်ပေါင်း ၉၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ပိုင်းဆိုင်ရာအရာရှိများအပါအဝင် ၁၅၀ ကျော်သေဆုံး၍ ၁၄၀ ကျော် ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲများဖြစ်ပွားစဥ် ကျေးရွာများအတွင်းသို့ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီး ကြောင့် ဒေသခံနေအိမ် ၃၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။