ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီကျူးလွန်နေသည့် စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများအတွက် တာဝန်ခံမှုနှင့် တရားမျှတမှုရရှိရန် အသွင်ကူးပြောင်းရေးကာလတွင် ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ-NUCC တို့က ယမန်နေ့ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ပြောဆိုလိုက်သည်။
ဖက်ဒရယ်ပဋိညာဥ်ပါ ပြည်ထောင်စုမျှော်မှန်းချက် အခြေခံမူဝါဒများနှင့် နိုင်ငံရေး လမ်းပြမြေပုံတို့ကို အခြေခံသော တော်လှန်ရေးအဖွဲ့အစည်းများ၏ ဘုံရပ်တည်ချက်ကို NUCC နှင့် NUG တို့က ပူးတွဲထုတ်ပြန်ရာတွင် ထိုသို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
အာဏာသိမ်းကာလ ပဋိပက္ခများအတွင်း ကျူးလွန်ခဲ့သောပြစ်မှုများအတွက်သာမက စစ်ကောင်စီက တိုင်းရင်းသားများအပေါ် ခေတ်အဆက်ဆက်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုး ဖောက်မှုများအတွက်ပါ ထပ်မံကျူးလွန်ခံရမှုမရှိစေရန်နှင့် တရားမျှတမှုရရှိရန် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု လုပ်ငန်းစဥ်အဖြစ် ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်းထုတ်ပြန်ချက်ပါ အချက်နှင့်ပတ်သက်၍ NUCC အဖွဲ့ဝင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ယခုလိုပြောသည်။
“ဒီပြစ်မှုတွေကို စစ်အုပ်စုပဲဖြစ်ဖြစ်၊ ဘယ်သူတွေပဲဖြစ်ဖြစ် ကျူးလွန်တာရှိရင် ကျူးလွန် နေသူအားလုံးအပေါ်မှာ ဒီဟာက သက်ရောက်မှုရှိမှာဖြစ်တယ်။ အပြစ်ပေး အရေးယူနိုင်ရေးကို မဖြစ်မနေဆောင်ရွက်ရမှာပါ။ သက်ဆိုင်ရာအလိုက်တော့ မှတ်တမ်းမှတ်ရာပြုလုပ်နေတဲ့ နိုင်ငံတကာအဖွဲ့အပါအဝင် အဖွဲ့တွေ လည်းရှိနေပါတယ်။ ကျနော်တို့ကလည်း ဒီအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ NUG နှင့် NUCC တို့မှ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်း စဥ်များအတွက် ပူးပေါင်းဖွဲ့စည်းထားသော Joint ကော်မတီကလည်း အဆိုပါ ပြစ်မှုကျူး လွန်သည့်ကိစ္စရပ်များကို မှတ်တမ်းတင်ခြင်း၊ နိုင်ငံတကာအပါအဝင် အဖွဲ့အစည်းများ နှင့်ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း ခွန်မြင့်ထွန်းက ဆက်ပြောသည်။
၎င်းအပြင် အဆိုပါ ဘုံရပ်တည်ချက်သဘောထား ထုတ်ပြန်ချက်တွင် အသွင်ကူးပြောင်းရေးကာလ လုပ်ငန်းစဥ်များအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ပါဝင်မှုဖြင့် ပြည်ပရန်ကာကွယ်မည့် ဖက်ဒရယ်တပ်မတော် တည်ဆောက်သွားမည်ဖြစ်သလို အာဏာရှင်စနစ်ကင်းမဲ့သော ဖက်ဒရယ် ပြည်ထောင်စုရရှိရန်အတွက်လည်း စုပေါင်းခေါင်းဆောင်၊ တာဝန်ယူမှုဖြင့် ချီတက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။
ထို့အတူ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများသာမက အရပ်ဘက်အဖွဲ့ အစည်းများ၊ အကြမ်းမဖက်အာဏာဖီဆန်ရေး-CDM လှုပ်ရှားသူများကဲ့သို့သော နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွင်ပါဝင်သူ အများစု လက်ခံနိုင်မည့် ရပ်တည်ချက်သဘောထားများအား စုစည်းကာ အဆိုပါရပ်တည်ချက်သဘောထားကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု NUCC က ရှင်းပြပြောဆိုထားသည်။
အလားတူ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း မေလ(၁) ရက်နေ့က ၎င်းတို့ဌာနအားဖြင့် ဖွဲ့စည်းခဲ့သည့် တိုင်ကြားမှုများဆိုင်ရာကော်မတီတစ်ရပ်အနေဖြင့် တော်လှန်ရေးကာလအတွင်း အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှုများအား ကြားနာဖော်ထုတ်၍ တရားစီရင်နိုင်ရန်နှင့် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့များ၊ ဒေသဆိုင်ရာတော်လှန်ရေးအင်အားစုများအကြား စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများအား လိုက်နာနိုင်ရန် ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဩဂုတ်လ(၄)ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။



















