ဩဂုတ် ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် မြေပြိုလမ်းပျက်နေသောကြောင့် ဒေသတွင်းထို့ကော်ကိုး-နဘူးလမ်းပိုင်းကို ပြောင်းလဲအသုံးပြုရန် သွားလာကြရာတွင် တောင်ကျရေတိုးဆင်းနေသဖြင့် လမ်းပိုင်းများပျက်စီးနေသည့်အတွက် ကားအချို့ပိတ်မိနေပြီးသွားလာ၍ မရသေးကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ဩဂုတ်လ ၇ ရက်က အာရှလမ်းသစ် တောနော်ရေတံခွန်လမ်းပိုင်း ပြိုကျလမ်းပျက်သွားသည့်အတွက် ဒေါနတောင် လမ်းဟောင်းနှင့် ထို့ကော်ကိုးလမ်းကို ပြောင်းလဲသွားလာကြသော်လည်း တောင်ကျရေတိုးဆင်း ပြီး လမ်းများပျက်စီးနေသည့်အတွက် ယနေ့အထိ မြဝတီမှ ဖားအံသို့ သွားသည့် လမ်းပိုင်း ၃ ခု စလုံးသွားလာ၍ မရသေးကြောင်း မဲ့ပလဲ့ ဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “မနေ့က အာရှလမ်း မြေသားပြတ်ကျသွားတာ ပေ ၂၀၀ လောက်ရှိတယ်။ သွားလို့မရတော့ တောင်ပေါ် လမ်းဟောင်းကို တက်ကြတယ်။ အဲ့မှာ လမ်းပိတ်ထားတယ်၊ မြေပြိုနေတယ် သွားမရဘူး၊။ အဲ့တော့ကျနော်တို့ မဲ့ပလဲ့ရွာ ကိုဖြတ်ပြီး ထို့ကော်ကိုး နဘူးဘက်ကို ဆင်းမယ်ဆိုပြန်တော့လည်း ဒုံးကျည်တောင် တောင်ကြော တစ် လျှောက်လုံး လမ်းတွေ အပိုင်းလိုက်ပျက်ပြီး တောင်ရေတွေဆင်းနေတယ်၊ သွားလာလို့ မရဘူး။”ဟု ပြောသည်။
မြဝတီမှ ဖားအံ-မော်လမြိုင်-ရန်ကုန်သို့သွားလာရန် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသလိုကရင်ပြည်နယ် ဒေသအတွင်း မိုးကြီးပြီးရေလွှမ်းနေခြင်းကြောင့် ဒေသတွင်းကုန်စည်များသယ်ယူစရိတ် မြင့် တက်နေပြီး တဆင့်ပြန်လည်ရောင်းချရာတွင်လည်း ကုန်စျေးနှုန်းမြင့်တက်လာနေကြောင်းမြဝတီမြို့ခံဆန်ဆိုင်ရှင်တစ်ဦးက ပြောသည်။
“လမ်းတွေ ပြတ်တောက်ကုန်ပြီဆိုတော့ ဒီဘက်နယ်မှာက ဆန်အဓိကပဲ၊ ကျန်တဲ့စားသောက်ကုန်က ထိုင်း ဘက်က လာတာရှိတယ်။ စျေးတက်ပေမယ့် ဝယ်လို့ရတယ်။ အောက်ကတက်လာတဲ့ ပစ္စည်းကတော့ စျေး တက် ပြီး ခရီးစရိတ်ကြီးပြီး သယ်တင်ရောင်းဖို့ မကိုက်တော့ဘူး။ အခုမြန်မာဆန်ကို စျေးသိပ်မတင်ဘူး။ လူကြည့် ပြီး အကုန်မရောင်းဘူး ။ တစ်ဦးချင်းနည်းနည်းစီမျှပြီး ရောင်းပေးနေတယ် ”ဟု ၎င်းဆန်ဆိုင်ရှင်က ပြောသည်။
လတ်တလောတွင် မြဝတီမြို့ဘက်က ဖားအံဘက်ဆင်းမည့်ကားများ သင်္ဃန်းညီနောင် တပ်မလမ်းဆုံတွင် လမ်း ပိတ်ထားသလို ကော့ကရိတ်မြို့ဘက်တွင်လည်း လှိုင်ဝလမ်းဆုံတွင် မြဝတီအတက်ကားများ လမ်းပိတ် ထားကြောင်း ဒေသတွင်းသွားလာနေကြသူများ ပြောစကားအရ သိရသည်။
မြဝတီ-ကော့ကရိတ် ဆိုင်ကယ်အငှား(ကယ်ရီ)မောင်းသူတစ်ဦးက “အခုက ကော့ကရိတ်၊ လှိုင်ဝစစ်တပ်ဂိတ်က ပိတ်တယ်။ မြဝတီဘက်ဆိုရင် ညီနောင်တပ်မစစ်တပ်အဖွဲ့စုံ ဂိတ်က လမ်းပိတ်ထားတယ်။ ၃ လမ်းစလုံး ပေးမ သွားဘူး။ သူတို့ပြောတာတော့ လမ်းကြောင်းရှင်းပြီး ကားဆင်းလို့ရပြီဆိုပေးသွားတယ်။ အခု လမ်းကြောင်း ရှင်းနေတယ်လို့ စစ်တပ်က ပြောတယ် ”ဟု ပြောသည်။
လက်ရှိ လမ်း ၃ ကြောင်းစလုံးအသွားအလာ ပြတ်တောက်နေသလို မြဝတီလက်ခတ်တောင်၊ ကော့ကရိတ် ကော့နွဲ ကျေးရွာ၊ ကြောင်လျှာကုန်းကျေးရွာ၊ ခနိမ်းမူ ရပ်ကွက်ဘက်များတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲဆက်ဖြစ်နေကြောင်း စစ်ရေး နယ်မြေသတင်း အရင်းအမြစ်များ ပြောစကားအရ သိရသည်။



















