Home သတင်း သစ်သယ်ကားများ ဖြတ်သန်းသွားလာမှုများသောကြောင့် ရွာလမ်းများ ပျက်စီးနေ

သစ်သယ်ကားများ ဖြတ်သန်းသွားလာမှုများသောကြောင့် ရွာလမ်းများ ပျက်စီးနေ

1167

ဇူလိုင်လ ၅ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်းရှိ ထို့ကော်ကိုး မြေနီလမ်းများတွင် သစ်သယ်ကား များ နေ့စဉ်ဖြတ်သန်း သွားလာမောင်းနှင်မှုများသောကြောင့် ရွာလမ်းများပျက်စီး လာ‌နေပြီး ဒေသတွင်း ပြည်သူလူထုများ သွားလာရေး အခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ရွာလမ်းများအတွင်း သစ်သယ်ကားများ ‌သွားလာမှုများသောကြောင့် ကျေးရွာ လမ်းနှင့် ထို့ကော်ကိုးတောင်ပေါ်လမ်းများပျက်စီး၍ ကျေးရွာ ၂၀ ကျော်မှဒေသခံများ သွား လာရေး အခက်အခဲဖြစ်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “သစ်သယ်ကားတွေ သွားတာ အရင်ကထက်များလာတယ် နောက်ပြီး တော့ ရွာလမ်းအတိုင်း သွားတာဆိုတော့ လမ်းတွေပျက်တယ်၊ ဆိုင်ကယ်တွေသွားလို့မရတော့ဘူး။”ဟု ကေအိုင်စီသို့ပြောသည်၊

သစ်သယ်ကားများ၏ အလေးချိန်ကြောင့် ထို့ကော်ကိုး-ထီလုံ-လမ်းပိုင်းတချို့မှာ မြေနီလမ်းများဖြစ်ကာ ပျက်စီးနေပြီး ၎င်းပျက်စီးသွားသည့်လမ်းကို ဒေသခံပြည်သူများ ကသာ ပြုပြင်နေကြရသည်ဟု ‌ဒေသခံပြည်သူများက ပြောသည်။

“နှစ်တိုင်း သစ်တွေခုတ်ပြီးသယ်နေကြတာပဲ။ အာဏာသိမ်းပြီးတော့ ပိုခုတ်လာကြတယ် ။ လမ်းတွေ လည်းပိုပျက်လာတယ်။ ရွာသားတွေပဲ လမ်းတွေပြင်နေရတာ။”ဟု အခြားဒေသခံရွာသားတစ်ဦးကလည်း ပြောသည်။

ထို့အပြင် သစ်သယ်ကားများနေ့စဉ် ဖြတ်သန်းလာ‌သောကြောင့် ပိုင်ကျုံမြို့နယ်၊ မိချောင်း အုပ်စုအတွင်းရှိ ကျေးရွာဒေသများမှ ဒေသခံပြည်သူများ သောက်သုံးရေအဖြစ် အသုံးပြု နေသော ချောင်းများတွင်ရေနှောက်ကျိနေပြီး သောက်သုံးရေ အခက်အခဲ ဖြစ်သည့် ဖြစ်စဉ်မျိုးလည်းရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။