ဇူလိုင် ၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ)တပ်မတော်-KNLA အနေဖြင့် ကရင်အမျိုးသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် နိုင်ငံရေးအပြင် ပြည်သူလူထုတစ်ရပ်လုံးအား ပိုမိုထိရောက်သည့် ခုခံကာကွယ်ပေးမှုများ လုပ်ဆောင်ရန်လိုအပ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောဆိုလိုက်သည်။
ယနေ့ ဇူလိုင်လ (၅)ရက်နေ့တွင် ကျရောက်သည့် ၇၄ နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နေ့အတွက် ပေးပို့သော ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ သဝဏ်လွှာတွင် ထိုသို့ တိုက်တွန်းပြောဆိုထားခြင်းဖြစ်သည်။
ပဒိုစောကွယ်ထူးဝင်းက “လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေများသည် မိမိတို့၏ သမိုင်းတစ်လျှောက်တွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေများနှင့်မတူညီဘဲ လုံးဝကွဲပြားခြားနားမှုရှိသည့်အတွက် ပြည်သူလူထုများကို ထိရောက်သည့်ခုခံကာကွယ်မှုပေးရမည်ဖြစ်သည်”ဟု တိုက်တွန်းပြောဆိုထားသည်။
၎င်းအပြင် ကရင်အမျိုးသားလက်နက်ကိုင်ခုခံတော်လှန်ရေးသမားများအနေဖြင့် မိမိတို့ ပြည်သူလူထု ရန်သူများကို ခုခံတော်လှန်ကြရမည်ဖြစ်ပြီး စစ်အာဏာရှင်နှင့် အာဏာရှင်များကို ခုခံတော်လှန်နေကြသည့် လူမျိုးတိုင်း အဖွဲ့ အစည်းတိုင်းနှင့်လည်း လက်တွဲလုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ ဥက္ကဋ္ဌက ဆက်ပြောသည်။
ဆက်လက်၍ အခြေအနေအရ ပေးအပ်လာသည့် အခွင့်အရေးများကို အရယူရမည်ဖြစ်ပြီး ပြည်သူ့ ရေးရာဝန်ဆောင်မှုအပြင် အုပ်ချုပ်ရေး၊ ကိုယ်ပိုင်လုံခြုံရေးစနစ်နှင့် လုပ်ထုံးလုပ်နည်း များထူထောင်ရန်လို အပ်ကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။
“ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ အဓိကတာဝန်သည် ကရင်အမျိုးသားများအပြင် ပြည်သူလူ ထုများအား စစ်ရေး၊ အုပ်ချုပ်ရေးစနစ်နှင့် အာဏာရှင် စစ်နစ်ဆိုးများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းများ၊ ရပ်ရွာများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းများမှ တားဆီးကာကွယ်ပေးရန်ဖြစ်သည်” ကေအဲန်ယူ ဥက္ကဋ္ဌက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ အဓိက ရည်မှန်းချက်သည် ကရင်အမျိုးသားများ၏ နိုင်ငံရေး ရည်မှန်းချက်များကို ခုခံကာကွယ်ခြင်းနှင့် တွန်းအားမြှင့်တင်ပေးခြင်း၊ ကရင်အမျိုးသားများပြည်သူ လူထုတစ် ရပ်လုံး၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်ရန်အတွက်ဖြစ်ကြောင်း၊ မိမိတို့၏ နိုင်ငံရေး ရပ်တည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်သည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည် ထောင်စုကြီးကို တည် ဆောက်ရန်ဖြစ်ပြီး ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်း အားထုတ်ကြရမည်ဖြစ် ကြောင်းလည်း ကေအဲန်ယူ ဥက္ကဋ္ဌ၏ သဝဏ်လွှာထဲတွင် တိုက်တွန်းပြောဆိုထားသည်။
ကရင်အမျိုးသားများ၏ ခုခံတော်လှန်ရေးစတင်ပေါ်ပေါက်လာချိန်တွင် ရပ်ရွာဒေသရှိ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန် ကရင်လက်နက်ကိုင်အစုအဖွဲ့များပေါ်ထွန်းခဲ့ကာ နောက်ပိုင်းတွင် ကရင်အမျိုးသားများ၏ တော်လှန်ရေး ရည်ရွယ်ချက်တစ်ခုတည်း၊ တစ်စုတစ်စည်းတည်း ခုခံတော်လှန် နိုင်ရန်အတွက် ကော်သူးလေအစိုးရကို ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကရင်အမျိုးသားအစုအဖွဲ့အားလုံးသည် ကော်သူးလေတပ်မတော်အဖြစ် စုစည်းခဲ့ကြသည်။
၁၉၅၆ ခုနှစ်၊ ဇွန်လ ၂၈ရက်နေ့ မောကို(ဆောထိ)မြို့နယ်တွင် ပြုလုပ်သည့်အမျိုးသား လုံးဆိုင်ရာ ကွန်ဂရက်တွင် ကော်သူးလေတပ်မတော်၏ စစ်ရေးဆိုင်ရာ ရည်မှန်းချက်များကို အတည်ပြုကာ ဖွဲ့စည်းပုံ၊ စုဖွဲ့မှုများ ပြန်လည်ပြင်ဆင်မွမ်းမံခဲ့ပြီးနောက် ဇူလိုင်လ (၅)ရက်နေ့ကို ကော်သူးလေတပ်မတော်နေ့အဖြစ် အတည်ပြုခဲ့ သည်။ ထို့နောက် ခေတ်စနစ်နှင့် နိုင်ငံရေး တိုးတက်ဖြစ်ပေါ်မှုများကြောင့် ကော်သူးလေတပ်မတော်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)အဖြစ် ပြောင်းလဲသတ်မှတ်ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။



















