Home ထိပ်တန်းသတင်း ခမရ(၂၀၂) တပ်ဖွဲ့ဝင် ၁ဝဦးနီးပါး ကျဆုံး

ခမရ(၂၀၂) တပ်ဖွဲ့ဝင် ၁ဝဦးနီးပါး ကျဆုံး

2313
‌အောက်တိုဘာလ ၄ရက်။ ‌စောဖိုးမူး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်အတွင်း တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်(ဒီ‌ကေဘီ‌အေ) တပ်ဖွဲ့ ဝင်များ၏ အဆက်မပြတ်သည့် ‌ပြောက်ကျားတိုက်ခိုက်မှုများ‌ကြောင့် မြန်မာစစ်တပ် ခမရ(၂၀၂)တပ်ရင်းမှ တပ်သား ၄ဦး ကျဆုံးကာ ၃ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယ‌နေ့နံနက် ၄နာရီအချိန် ‌ကော့ကရိတ်မြို့အ‌ကျော် ‌တောင်‌ပေါ်လမ်းတွင် တာဝန်ကျ‌နေ‌သော ခမရ(၂၀၂)တပ်ရင်းအား ဒီ‌ကေ ဘီ‌အေမှ ‌ပြောက်ကျားတိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဘက်က တပ်သား ၁ဦးပွဲချင်း‌သေဆုံးပြီး ဒဏ်ရာပြင်းထန်သည့် တပ်သား ၃ ဦးကို ဘားအံမြို့ရှိ ‌တောင်က‌လေး ကုတင်တစ်ရာဆံ့ စစ်‌ဆေးရုံသို့ ပို့‌ဆောင်ကုသခဲ့သည်ဟု တပ်တွင်းမိသားစုများက ‌ပြော သည်။

ဒဏ်ရာရ တပ်သားတစ်ဦး၏ ဇနီးက “အ‌ဒေါ်တို့ စစ်တပ်မှာ ကိုယ့်မိသားစု စားဖို့ မ‌လောက်ဘူး။ ဒါ‌ကြောင့် အ‌ဒေါ်တို့ အပြင် ထွက်ပြီး ‌ဈေးလိုက်‌ရောင်း‌နေရတယ်။ ဒါ‌တောင် အနိုင်နိုင်ပဲ။ အခုလိုမျိုးဖြစ်‌တော့ ဘာလုပ်ရ ဘာကိုင်ရမှန်း‌တောင် မသိ‌တော့ ဘူး။”ဟု ‌ပြောသည်။

‌တောင်က‌လေး စစ်‌ဆေးရုံသို့ ‌ရောက်ရှိလာသည့် ဒဏ်ရာရ တပ်သား ၃ဦးအနက် တစ်ဦးမှာ ရင်ဘတ်တွင် ကျည် ၅ချက်ထိ မှန်ကာ ဒဏ်ရာပြင်းထန်သည့်အတွက် အသက်ရှင်ရန် အခွင့်အလမ်းနည်းပါး‌ကြောင်း ‌ဆေးရုံဝန်ထမ်းများက ‌ပြောဆို‌နေကြ သည်။

သို့‌သော်လည်း ၎င်းတို့တပ်ဖွဲ့ကို လာ‌ရောက်ပစ်ခတ်ခဲ့သည့် ဒီ‌ကေဘီ‌အေ တပ်ရင်းနံပါတ်ကိုမူ အတိအကျ မသိရှိရ‌သေး‌ပေ။

အလားတူ ယမန်‌နေ့ကလည်း ‌ကေအဲန်အယ်လ်‌အေ (၁၀၁)တပ်ရင်းနှင့် ဒီ‌ကေဘီ‌အေ ကလို့ထူးဝါဗျူဟာတို့ ပူး‌ပေါင်း၍ အဆိုပါ ခမရ(၂၀၂)အား ‌အောက်ဘိုတဲ‌နေရာတွင် ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက်မှ ၆ဦးကျဆုံးပြီး ၁ဦးဒဏ်ရာ ရရှိကာ ကရင်တပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိ‌ကြောင်း ဗိုလ်မှူး‌စောဆန်း‌အောင် ‌ပြောသည်။

“မ‌နေ့ ‌နေ့လည်‌လောက်ကဖြစ်တဲ့ တိုက်ပွဲက တစ်နာရီခွဲ‌လောက်‌တော့ ကြာတယ်။ အစိုးရတပ်က ၆‌ယောက်‌သေတယ်။ ၁‌ယောက်က ဒဏ်ရာရ‌ပေမဲ့ ကျ‌နော်တို့ ပူး‌ပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု တစုံတရာ မရှိပါဘူး။”ဟု ဗိုလ်မှူး‌စောဆန်း‌အောင်က ဆိုသည်။

ယခုလို ထိခိုက်ကျဆုံးမှု များပြားသည့် ခမရ(၂၀၂)တပ်ရင်းမှာ ဘားအံမြို့ အ‌ခြေစိုက် တပ်မ(၂၂)၏ လက်‌အောက်ခံ တပ်ရင်း တစ်ရင်းဖြစ်သည်။