Home သတင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စနိုက်ပါပစ်ခတ်မှုအထူးစစ်ဆင်ရေးမွမ်းမံသင်တန်း ပြီးစီး

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စနိုက်ပါပစ်ခတ်မှုအထူးစစ်ဆင်ရေးမွမ်းမံသင်တန်း ပြီးစီး

1100
Photo: Crd.

မေလ ၂ဝ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေရှိ တော်လှန် ရေးတပ်ဖွဲ့ များမှ စုပေါင်းပြီး အထူးလက်ဖြောင့်မွမ်းမံသင်တန်းအား ရှေ့တန်းနယ်မြေတစ်ခုတွင် မေလ ၁၉ ရက်နေ့ က အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီးဟု သက်ဆိုင်ရာတပ်ဖွဲ့ဝင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)၊ နဂါးနီစစ်ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့နှင့် MSRF တပ်ဖွဲ့များမှ တော်လှန် ရေး ရဲဘော် ၃ဝ ဦးအား စနိုက်ပါလက်နက်နှင့် အခြားလက်နက်မျိုးစုံပစ်ခတ်လေ့ကျင့်ခြင်းကို စာတွေ့နှင့် လက်တွေ့ အားဖြင့် တစ်လကြာ ပူးပေါင်းလေ့ကျင့်သင်ကြားခဲ့ပြီး အထူးစစ်ဆင်ရေးများတွင် စစ်ရေးဗျူ ဟာကျကျ ပိုမိုလုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

နဂါးနီစစ်ကြောင်းတာဝန်ရှိသူတစ်ဦးက “အခက်အခဲကြားကနေ အများကြီး ကြိုးစားဆောင် ရွက်နေပါတယ်။ ပြည်သူတွေလည်း အားတင်းထားပါ။ ကျနော်တို့ အရေးတော်ပုံ မုချအောင်မှာပါ။ တော်လှန်ရေးမှာ မဆိုင်သလို မနေကြဖို့ပေါ့နော်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုအောက်မှာ ပျော်မသွားဖို့နဲ့ နေသားမကျသွားဖို့ရယ်၊ တော်လှန်ရေးကိုလည်း မမေ့ဖို့ပြောချင်တယ်” ဟု ယနေ့မေလ ၂ဝ ရက် တွင် ကေအိုင်စီ သို့ပြောသည်။

Photo: Crd.

သင်တန်းဆင်းရဲဘော်များအား KNU တပ်မဟာ ၆၊ ၄ နယ်မြေများနှင့် NUG -အမျိုးသားညီညွတ်ရေးအ စိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသရှိ စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ အသီးသီးပေးအပ်သွားမည်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း စစ်ရေးများတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သက်ဆိုင်ရာစစ်ကြောင်းများ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်မှ နေ့စဉ်လိုလို တိုက်ခိုက်ရေး စစ်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲချလျက်ရှိသည့်အတွက် ဒေသခံသောင်းချီ စစ်ဘေးတိမ်းရှောင်နေကြရသည်။ ထို့အပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် လူနေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု ဒေသခံသတင်းအရင်းအမြစ်များအရ သိရသည်။