Home သတင်း စစ်တပ်အနီးရှိ လယ်မြေများတွင် စပါးမစိုက်ကြရန် ကျုံဒိုးဒေသလယ်ပိုင်ရှင်များ ဖိအားပေးခံနေရ

စစ်တပ်အနီးရှိ လယ်မြေများတွင် စပါးမစိုက်ကြရန် ကျုံဒိုးဒေသလယ်ပိုင်ရှင်များ ဖိအားပေးခံနေရ

725
Photo: CJ

မေလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်တပ်စခန်းချထားသည့် ကျေးရွာများအနီးအနားဝန်းကျင်ရှိ လယ်ယာမြေများတွင် ယခုနှစ် စိုက်ပျိုးရာသီ စပါးမစိုက်ကြရန်နှင့် အခြားနေရာများတွင်လည်းစိုက်ပျိုးခွင့် လူ ၃ ဦးထက်ပိုပြီး လုပ်ငန်းခွင်အတွင်းရှိမနေစေရဟု ကျုံဒိုးမြို့ အခြေ စိုက်ခြေမြန်တပ်ရင်း -ခမရ ၅၄၅ တပ်နှင့် ၅၄၆ တပ်က အမိန့်ထုတ်ထား သည်ဟု ဒေသခံကျေးရွာသားများက ပြောသည်။

ကျုံဒိုးအခြေစိုက် ခမရ ၅၄၅/၅၄၆တပ်ပတ်ဝန်းကျင်ရှိ ဒေသခံလယ်ယာမြေကွင်း မြေများမှ တော်လှန်ရေးပူးပေါင်းတပ်များ ခြုံခိုတိုက်ခိုက်ခြင်း၊ တပ်ရင်းကို ထိုးစစ် ဆင် တိုက်ခိုက်ခြင်း၊ ဒရုန်းယာဥ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများ မရှိစေရေးအတွက် ကျေးရွာလယ်ယာများကို ယခုနှစ်စပါးစိုက်ရာသီတွင် မစိုက်ပျိုး ကြရန် အမိန့်ပေးတားမြစ်မှုများ လုပ်ဆောင်နေသည်ဟု အမည်မဖော်လိုသူ ကော့ဝါလဲ ရွာသားတစ်ဦးက ယခုလို ပြောသည်။

“ကော့ဝါလဲရွာဘက်အခြမ်းတွေ၊ ၅၄၅/၅၄၆တပ် ပတ်ခြာလည်က လယ်တွေ ကို တပ်က အမိန့်ထုတ်ထားတယ်တဲ့ လယ်မစိုက်ရ။ စိုက်ချင်တယ်ဆိုလည်း လူသုံး ယောက်ထက်မပိုရတဲ့၊ အဲ့လိုဆိုတော့ စပါးစိုက်ကြဖို့က ခက်ပြီလေ ၊ သူတို့ စစ် တပ်က ရွာတွေထဲက စာသင်ကျောင်းတွေမှာ တပ်စွဲထားတယ်၊ ရွာပြင်ဘက် ရာဘာခြံဘက်တွေမှာ ကင်းပုန်းထားထားတယ်ဆိုတော့ ဘယ်မှ အလုပ်ထွက်လုပ် လို့မရဲဘူး။ ကော့ဝါလဲကနေနောင်တမံ၊ ကတွတ်မင်းဘုရားအထိ ဟောင်သရော၊ ဂျိုင်းမြစ်ကမ်းနားတန်း တလျှောက်ဝပ်ကျင်းတွေတူးပြီးနေရာ ယူထား တယ်ကြားတော့ ရွာသားက ဘယ်မှမသွားရဲကြဘူးဖြစ်နေတယ်”လို့ ၎င်းရွာသားက ပြောသည်။

လက်ရှိတွင် နေ့စဥ် /ညစဥ် ကျုံဒိုးကျေးရွာများ ဘက်သို့ စစ်တပ်စခန်း ၂ ခု မှ လက် နက်ကြီး ပစ်ခတ်မှုများ ဆက်ရှိနေသောကြောင့် စစ်ဘေးရှောင် နေရာများမှ နေ၍ မိမိကျေးရွာဘက်နေရပ် ပြန်နေထိုင်မရှိကြသေးကြောင်း သိရသည်။

Photo: CJ

“ကျုံဒိုးအရှေ့ဘက်ကမ်းဘက် ပစ်ထုတ်၊ အနောက်ဘက်ကမ်းဘက်ပစ်ထုတ်နဲ့ လူ မရှိတော့ရွာ အိမ်တွေထိတယ်၊ ပျက်တယ်။ လူသာရှိမယ်ဆိုလည်း ထိကြမှာပဲ။ အဲ့ဒါ ကြောင့် အခြေအနေ ကြည့်ပြီး ရွာပြန်ကြည့်လိုက်၊ စစ်ရှောင်တဲ့နေရာ ဘက်ပြန် လာနေလိုက် လုပ်နေရတယ်၊ စိုက်လို့လည်းမရ၊ ခြံလုပ်လို့လည်းမရ နဲ့ နေရ စားရတာ ကြာလာတော့ မလွယ်တော့ဘူး။”ဟု နောင်တမံကျေးရွာသား တစ်ဦးက ပြောသည်။

ယခုတလော စစ်တပ်သည် ကော့ကရိတ်ဘက်၊ တောင်ကြာအင်းကျေးရွာဘက်ရှိ ကျေးရွာချင်းဆက် လမ်းများဖျက်ဆီးပိတ်ဆို့ပြီး ကျေးလက်နှင့်မြို့ပြ သွားလာ ဆက်သွယ်မှုဖြတ်တောက်မှုများ လုပ်ထားသည်။ ကျေးရွာမှ မြို့ဘက်သွားသည့် လမ်းပိုင်းများတွင်လည်း စစ်ကြောင်းထိုး ကင်းပုန်းဝပ်နေရာယူထားခြင်းကြောင့် စားသောက်စရာ၊ စျေးရောင်းစျေးဝယ်၊ ကျန်းမာရေးကိစ္စများ၊ ပညာရေးကိစ္စများ လုပ်ဆောင်ရာတွင် အခက်အခဲများ ပိုဖြစ်လာနေသည်ဟု ကော့ကရိတ် / ကျုံဒိုး ဒေသခံများက ပြောသည်။